အီရန်၌ COVID-19 ကူးစက်သူ ၅၀၈၃၈၉ ဦးရှိလာ

အီရန်၌ COVID-19 ကူးစက်သူ ၅၀၈၃၈၉ ဦးရှိလာ

အီရန်နိုင်ငံ၌ အောက်တိုဘာ ၁၃ ရက်တွင် COVID-19 ကူးစက်သူသစ် ၄၁၀၈ ဦးရှိခဲ့သောကြောင့်  ကူးစက်သူစုစုပေါင်း  ၅၀၈၃၈၉ ဦး ရှိနေပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ 

ဂျော်ဒန် နှင့် လစ်ဗျားတို့၌လည်း တစ်ရက်အတွင်း COVID-19 ကူးစက်သူသစ်များ စံချိန်တင်ခဲ့ကြောင်း သိရသည်။

အီရန်၌ အောက်တိုဘာ ၁၃ ရက်တွင် COVID-19 ဖြင့် သေဆုံးသူ ၂၅၄ ဦးရှိခဲ့ကာ လက်ရှိအချိန်အထိ သေဆုံးသူ ၃၉၀၇၀ ဦး ရှိနေကြောင်း အီရန်ကျန်းမာရေး နှင့် ဆေးပညာဝန်ကြီး ဆီမာဆာဒက်လာရီက ပြောကြားခဲ့သည်။

လက်ရှိတွင် အီရန်၌ ရောဂါမှ ပြန်လည်သက်သာပျောက်ကင်းလာသူ ၄၁၁၈၄၀ ရှိပြီဖြစ်ကာ ၄၅၇၀ ဦးမှာ အထူးကြပ်မတ်ကုသဆောင်များတွင် ကုသမှု ခံယူနေရဆဲဖြစ်သည်။

ဂျော်ဒန်၌ အောက်တိုဘာ ၁၃ ရက်တွင် COVID-19 ကူးစက်သူ သစ် ၂၀၅၄ ဦးရှိခဲ့ပြီး တစ်ရက်အတွင်း ကူးစက်သူသစ် စံချိန်တင်ခဲ့ကြောင်း သိရသည်။

ဂျော်ဒန်၌ COVID-19 ကူးစက်သူ ၂၈၁၂၇ ဦး ရှိသည်။ အောက်တိုဘာ ၁၃ ရက်တွင် သေဆုံးသူသစ် ၁၈ ဦးရှိခဲ့ပြီး ရောဂါပြန်လည်သက်သာလာသူ ၁၄၂ ဦးရှိကာ စုစုပေါင်း သေဆုံးသူ ၂၅၅ ဦးရှိနေပြီဖြစ်ကြောင်း ဂျော်ဒန်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ပြန်လည်သက်သာလာသူ စုစုပေါင်း ၆၃၆၁ ဦးရှိကြောင်း ဝန်ကြီးဌာန၏စာရင်းအင်းများအရသိရသည်။

လစ်ဗျား၌ အောက်တိုဘာ ၁၃ ရက်တွင် COVID-19 ကူးစက်သူသစ် ၁၁၆၄ ဦးရှိခဲ့ပြီး တစ်ရက်အတွင်း ကူးစက်သူသစ် စံချိန်တင်ခဲ့ကြောင်း အမျိုးသား ကူးစက်ရောဂါထိန်းချုပ်ရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

လစ်ဗျားတွင် COVID-19 ကူးစက်သူ ၄၄၉၈၅ ဦး ရှိနေသည်။