နိုင်ငံသားအားလုံးကို COVID-19 ကာကွယ်ဆေးထိုးပေးလိုကြောင်း ဒူတာတေး ပြော

နိုင်ငံသားအားလုံးကို COVID-19 ကာကွယ်ဆေးထိုးပေးလိုကြောင်း ဒူတာတေး ပြော

ဖိလစ်ပိုင်နိုင်ငံသားအားလုံးကို COVID-19 ကာကွယ်ဆေးထိုးပေးရန် ဆန္ဒရှိနေကြောင်း ဖိလစ်ပိုင်သမ္မတရိုဒရီဂို ဒူတာတေးက အောက်တိုဘာ ၁၄ ရက်တွင် ပြောဆိုခဲ့သည်။

အစိုးရသည် နိုင်ငံသားအားလုံးကို ကာကွယ်ဆေးထိုးပေးလိုသော်လည်း ယခုလောလောဆယ်တွင် ဆင်းရဲသားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် စစ်သည်များကို ဦးစားပေးထိုးနှံပေးမည်ဖြစ်ကြောင်း ဒူတာတေးကပြောဆိုခဲ့သည်။

ဖိလစ်ပိုင်၌ စုစုပေါင်းလူဦးရေ ၁၁၃ သန်းခန့်ရှိနေသည်။

ရုရှားနှင့် တရုတ်တို့ထံမှ ကာကွယ်ဆေးရရှိသည်ကိုသာ ပိုမိုလိုလားကြောင်း ဒူတာတေးကပြောဆိုခဲ့သည်။

ရုရှားနှင့် တရုတ်တို့သည် ဖိလစ်ပိုင်နိုင်ငံ၌ COVID-19 ကာကွယ်ဆေးစမ်းသပ်လိုကြောင်း လျှောက်ထားခဲ့ပြီးဖြစ်သည်။

“ကျွန်တော့်အတွက်တော့ ရုရှားဆီကပဲရရ၊ တရုတ်ဆီကပဲရရ အဆင်ပြေတယ်” ဟု ဒူတာတေးကပြောဆိုခဲ့သည်။ တရုတ်ရှိ Sinovac ၊ ရုရှားရှိ Gamaleya တို့အပြင် ဖိလစ်ပိုင်အစိုးရသည် Johnson & Johnson ၏ ကာကွယ်ဆေး အဆင့်(၃) စမ်းသပ်မှုများကို ဖိလစ်ပိုင်၌ ပြုလုပ်လိုကြောင်း လျှောက်ထားမှုကိုပါ သုံးသပ်နေသည်။

ထို့ပြင် အမေရိကန်ဆေးဝါးကုမ္ပဏီများဖြစ်သည့် Pfizer ၊ Moderna တို့နှင့်လည်း ကာကွယ်ဆေးဝယ်ယူရန် ဆွေးနွေးမှုများပြုလုပ်နေသည်။

ဖိလစ်ပိုင်၌ အောက်တိုဘာ ၁၄ ရက်တွင် COVID-19 ကူးစက်သူသစ် ၁၉၁၀ နှင့် သေဆုံးသူသစ် ၇၈ ဦးရှိခဲ့သောကြောင့် ကူးစက်သူ ၃၄၆၅၃၆ ဦးနှင့် သေဆုံးသူ ၆၄၄၉ ဦးရှိနေပြီဖြစ်သည်။

အစိုးရသည် စီးပွားရေးလုပ်ငန်းများပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ဝန်ထမ်းများ လုပ်ငန်းခွင်ပြန်ဝင်နိုင်ရေးတို့အတွက် ကူးသန်းသွားလာမှုကန့်သတ်ချက်များကို တဖြည်းဖြည်းဖြေလျှော့မှုများပြုလုပ်နေသော်လည်း မနီလာမြို့တွင်းနှင့် ဝန်းကျင်တစ်ဝိုက်တွင်မူ တင်းကျပ်မှုများကို ဆက်လက်ထားရှိခဲ့သည်။