တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်တုံပြည်နယ် ချင်တောက်မြို့၌ COVID-19 အစုလိုက်အပြံုလိုက်ကူးစက်မှုဖြစ်ပွားခဲ့သည့်အတွက် မြို့ကျန်းမာရေးကော်မရှင်အကြီးအကဲနှင့် ကူးစက်မှုဗဟိုချက်ဖြစ်သည့် ဆေးရုံ၏အကြီးအကဲတို့အား အလုပ်တာဝန်မှ ခေတ္တအနားပေးခဲ့သည်။
တရုတ်၌ ပြည်တွင်း COVID-19 ကူးစက်မှုမရှိသည်မှာ နှစ်လကြာမြင့်ခဲ့ပြီးနောက် ချင်တောက်မြို့၌ ကူးစက်သူသစ်ရှိလာခဲ့ခြင်းဖြစ်သည်။
ချင်တောက်မြို့၌ မကြာသေးမီတွင် ကူးစက်သူသစ် ၁၃ ဦးရှိခဲ့ပြီး အများစုသည် ချင်တောက်ဆေးရုံနှင့်ဆက်စပ်နေသည်။
ပြည်ပ၌ ဗိုင်းရပ်စ်ကူးစက်ခံရပြီး တရုတ်သို့ရောက်ရှိလာသူများအား ဆေးရုံရှိ သီးခြားထားရှိကုသဆောင်၌ ကုသမှုများပြုလုပ်ပေးနေခြင်းဖြစ်သည်။
ကူးစက်သူများတွင် ဆိပ်ကမ်းလုပ်သားတစ်ဦးပါဝင်ပြီး ၎င်းသည် ကူးစက်ခံရပြီးနောက် ရက် ၂၀ ခန့်ကြာမြင့်မှသာ ရောဂါလက္ခဏာပြသခဲ့ကြောင်း မြို့အုပ်ချုပ်ရေးအဖွဲ့ကပြောဆိုခဲ့သည်။
ငါးရက်အတွင်း မြို့နေ ကိုးသန်းကို COVID-19 ရှိမရှိစစ်ဆေးမှုများပြုလုပ်မည်ဖြစ်ကြောင်း ချင်တောက်မြို့ အုပ်ချုပ်ရေးအဖွဲ့ကပြောဆိုခဲ့သည်။
စစ်ဆေးမှုရလဒ် ခုနစ်သန်းကျော်ကို အောက်တိုဘာ ၁၅ ရက် အစောပိုင်းတွင်ရရှိခဲ့ပြီး ကူးစက်သူသစ်မရှိကြောင်း တွေ့ရှိခဲ့သည်။

















