လူစုလူဝေးပြုမှုပိတ်ပင်သည့် အရေးပေါ်အမိန့်သက်ရောက်ပြီးနောက် ဆန္ဒပြသူများကို ထိုင်းရဲတပ်ဖွဲ့ လူစုခွဲ

လူစုလူဝေးပြုမှုပိတ်ပင်သည့် အရေးပေါ်အမိန့်သက်ရောက်ပြီးနောက် ဆန္ဒပြသူများကို ထိုင်းရဲတပ်ဖွဲ့ လူစုခွဲ

ထိုင်းနိုင်ငံ၌ အောက်တိုဘာ ၁၅ ရက်အစောပိုင်းတွင် လူစုလူဝေးမပြုရန် ပိတ်ပင်ချက်နှင့် အကြောက်တရားဖန်တီးမည့် သတင်းဖော်ပြမှု ပိတ်ပင်ချက်များပါဝင်သည့် အရေးပေါ်အမိန့်ဒီဂရီသက်ရောက်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့ဝင်များသည် ဝန်ကြီးချုပ်ရုံးရှေ့၌ စုဝေးဆန္ဒထုတ်ဖော်နေသူများကို လူစုခွဲမှုပြုလုပ်ခဲ့သည်။

စစ်ခေါင်းဆောင်ဟောင်းဖြစ်သလို လက်ရှိတွင် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသည့် ပရာယွတ် ချန်အိုချာ ရာထူးမှနုတ်ထွက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲပေးရန် တောင်းဆိုသည့်အနေဖြင့် လွန်ခဲ့သောသုံးလအတွင်း ချီတက်ဆန္ဒပြမှုများကို ပြုလုပ်ခဲ့ကြပြီးဖြစ်သည်။

ထို့ပြင် ဆန္ဒပြသူများသည် ပိုမိုရဲတင်းလာပြီး ဘုရင်မဟာဝဇီရလောင်ကွန်းဦးဆောင်သော စည်းမျဉ်းခံဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲပေးရန် တောင်းဆိုလာခဲ့သည်။ ဆန္ဒပြသူများသည် တော်ဝင်မိသားစုလိုက်ပါလာသော ယာဉ်တန်းကိုတားဆီးမှုပြုလုပ်လာသည့်အတွက် အစိုးရသည် အရေးပေါ်အမိန့်ဒီဂရီထုတ်ပြန်ခဲ့ရသည်။

အောက်တိုဘာ ၁၅ ရက် ဒေသဆိုင်ရာစံချိန်တော် နံနက် ၄ နာရီတွင် အရေးပေါ်အမိန့်ဒီဂရီသက်ရောက်ခဲ့ပြီးနောက် ဒိုင်းများကိုင်ဆောင်ထားသည့် ရဲတပ်ဖွဲ့ဝင်များသည် ဝန်ကြီးချုပ်ရုံးရှေ့၌ စုဝေးနေသည့် ဆန္ဒပြသူများကို စတင်ရှင်းလင်းခဲ့သည်။

ဆန္ဒပြသူအများစုသည် အောက်တိုဘာ ၁၄ ရက် အနှောင်းပိုင်းကတည်းက ထွက်ခွာသွားသော်လည်း ကျန်ရှိသည့် ဆန္ဒပြသူများသည် အမှိုက်ပုံးကြီးများဖြင့် အကာအကွယ်ယူကာ ဆက်လက်ဆန္ဒထုတ်ဖော်ခဲ့သည်။

ထိုင်းနိုင်ငံ၌ ဒီမိုကရေစီစနစ်ကို ပြန်လည်ကျင့်သုံးနိုင်ခြင်းမရှိသေးသောကြောင့် အသက်စွန့်ကာ ဆက်လက်ဆန္ဒထုတ်ဖော်နေဦးမည်ဖြစ်ကြောင်း ဝါရင့်ဆန္ဒပြသူ အသက် ၅၄ နှစ်အရွယ် ဆွန် ပါသွန်းကပြောဆိုခဲ့သည်။

အောက်တိုဘာ ၁၅ ရက် အရုဏ်တက်ချိန်တွင် ရဲတပ်ဖွဲ့ဝင်ရာပေါင်းများစွာသည် အစိုးရရုံးနားရှိ လမ်းများကို ရှင်းလင်းနိုင်ခဲ့ပြီး စည်ပင်သာယာဝန်ထမ်းများကလည်း သန့်ရှင်းရေးကိုစတင်ပြုလုပ်ခဲ့သည်။ လူစုခွဲရန် ညွှန်ကြားချက်ကို ဆန့်ကျင်သူ ၂၀ ခန့်ကို ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောဆိုခဲ့သည်။

တော်ဝင်မိသားစုယာဉ်တန်းကို ပိတ်ဆို့တားဆီးခြင်း၊ နိုင်ငံတွင်း လုံခြုံရေးအခြေအနေများယိုယွင်းလာခြင်း၊ စီးပွားရေးအရ ထိခိုက်ခြင်းနှင့် COVID-19 ကူးစက်ပျံ့နှံ့ခြင်းတို့ကြောင့် လူ ငါးဦးထက်ပိုမိုစုဝေးခြင်းမပြုရန်အပါအဝင် အရေးပေါ်အမိန့်ဒီဂရီကို ထုတ်ပြန်ရခြင်းဖြစ်ကြောင်း အစိုးရကပြောဆိုခဲ့သည်။