အိန္ဒိယနိုင်ငံ၌ COVID-19 ကူးစက်မှုတားဆီးရေးအတွက် ခုနစ်လနီးပါးပိတ်သိမ်းထားသည့် ရုပ်ရှင်ရုံများကို အောက်တိုဘာ ၁၅ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။
အောက်တိုဘာ ၁၅ ရက်တွင် ပြသပြီး ရုပ်ရှင်များကိုသာ ပြန်လည်ပြသနိုင်မည်ဖြစ်ကြောင်း အိန္ဒိယရှိ ဒုတိယအကြီးဆုံး ရုပ်ရှင်ရုံလုပ်ငန်း INOX Leisure က ပြောဆိုခဲ့သည်။
ရုပ်ရှင်ရုံများသည် ဘေးကင်းပြီး လုံခြံုမှုရှိသည့် နေရာများဖြစ်ကြောင်း ရုပ်ရှင်ကြည့်ပရိသတ်များ လက်ခံလာအောင် ဦးဆုံးလုပ်ဆောင်ရမည်ဖြစ်ကြောင်း INOX ၏ ဒေသဆိုင်ရာလုပ်ငန်းခွဲအကြီးအကဲ လာလစ် အိုဂျ်ဟာကပြောဆိုခဲ့သည်။
အိန္ဒိယနိုင်ငံ၌ ရုပ်ရှင်လက်မှတ်တန်ဖိုးသည် တစ်စောင်လျှင် ၇၅ ရူပီး( တစ်ဒေါ်လာ) ခန့်သာရှိသောကြောင့် အခြေခံလူတန်းစားများပင် တတ်နိုင်သည့် ငွေကြေးပမာဏဖြစ်သည်။
INOX ကဲ့သို့ အဆင့်မြင့်ရုပ်ရှင်ရုံများတွင်မူ ပရိသတ်သည် ဒန်ပေါက်ပင် စားခွင့်ရရှိကြသည်။
သို့သော် ပြန်လည်ဖွင့်လှစ်သည့် ရုပ်ရှင်ရုံများသည် ပရိသတ်ပမာဏကို ထက်ဝက်ခန့်သာ လက်ခံရမည်ဖြစ်ပြီး ရုံဝင်ပေါက်တွင် ကိုယ်အပူချိန်ကို မဖြစ်မနေတိုင်းရမည်ဖြစ်သည်။
လာမည့်လတွင် ကျရောက်မည့် ဟိန္ဒူပွဲတော်တွင် နာမည်ကျော်ရုပ်ရှင်များကို ပြသနိုင်ရန် ရည်ရွယ်ထားကြောင်း အိုဂျ်ဟာကပြောဆိုခဲ့သည်။
တစ်ပတ်လျှင် ရုပ်ရှင်သစ်တစ်ကားကို ပြသခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ရုပ်ရှင်ကားပေါင်း ၁၈၀၀ ခန့်ကိုပြသခဲ့သည့် အိန္ဒိယ၌ ပရိသတ်သည် ရုပ်ရှင်ကားဟောင်းများကို ပြန်လည်ကြည့်ရှုလိုစိတ်ရှိပါ့မလားဟု စိုးရိမ်မှုများလည်းရှိနေပြန်သည်။
ထို့ပြင် အိန္ဒိယ၌ COVID-19 ကူးစက်သူ ခုနစ်သန်းကျော်ရှိနေပြီး ကူးစက်နိုင်စွမ်းလည်းမြင့်မားနေသည့်အတွက် ဘောလီးဝုဒ်ရုပ်ရှင်လုပ်ငန်းရှိရာ မွမ်ဘိုင်းမြို့သည် ယခုလောလောဆယ်တွင် ရုပ်ရှင်ရုံများကို ပြန်လည်ဖွင့်လှစ်ဦးမည်မဟုတ်ချေ။

















