မန်ကျည်းသီးမှည့်ကြော်နဲ့ ငါးမှုန့်ထိုး

မန်ကျည်းသီးမှည့်ကြော်နဲ့ ငါးမှုန့်ထိုး

ဒီတစ်ပတ်မှာတော့ အိုးသူကြီးက တာရှည်အထားခံမယ့် ဟင်းလေးတွေ ချက်ပြချင်ပါတယ်။ဟင်းတွေကတော့ မန်းကျည်းသီးမှည့်ကြော်နဲ့ငါးမှုန့်ကြော်(ငါးမှုန့်ထိုး)ပါ။

မြေလတ်ဒေသကသူတွေက မန်ကျည်းသီးမှည့်ကြော်ကိုကြော်စား လေ့ရှိပြီး ခရီးတွေထွက်တဲ့အခါ၊ပျော်ပွဲစားထွက်တဲ့အခါမှာလည်း ကြော်ပြီးယူသွား တတ်ကြပါတယ်။ ချဉ်ငန်စပ် အရသာလေးပါ။ ငါးမှုန့်ထိုး ကတော့ လူကြီး၊ လူငယ်မရွေးခံတွင်းတွေ့စေမယ့် ရွရွမွမွအရသာလေးပါ။

မန်ကျည်းသီးမှည့်ကြော်

ပါဝင်ပစ္စည်းများ - မန်ကျည်းသီးမှည့်၊ငါးပိ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီး အကြမ်းမှုန့်မန်ကျည်းသီးမှည့် လက်တစ်ဆုပ်ခန့်ကိုရေလေးနဲ့ ဖွဖွဆေးပြီး ရေသန့်နဲ့စိမ်ထားပါ။ မန်ကျည်းသီးမှည့်ပွလာရင်လက်နဲ့ နယ်ပြီး မန်ကျည်းသီးမှည့်အနှစ်ရလာအောင်လုပ်ပြီး မန်ကျည်းသီးမှည့် အဖတ်တွေကို ဖယ်ထားပါ။ကြက်သွန်ဖြူ၊ ကြက်သွန်နီ အနည်းငယ်ကိုပါးပါး လှီးထားပါ။ ကြက်သွန်ဖြူ နှစ်တက်လောက်နဲ့ကြက်သွန်နီ တစ်လုံး လောက်ကို ထောင်းထားပါ။ ဒယ်အိုးထဲကိုဆီထည့်ပြီး ဆီပူလာရင် ဆနွင်းမှုန့်အနည်းငယ်ထည့်ပါ။ ကြက်သွန်ဖြူ၊ကြက်သွန်နီ ပါးပါးလှီးထားတာကို ထည့်ကြော်ပါ။ ကြော်ထားတာတွေကြွပ်လာတဲ့ အခါ ပန်းကန်ထဲ ဆယ်ထည့်ထားပါ။ ကြက်သွန်ဖြူ၊နီကြော်ရာက ကျန်တဲ့ ဆီပူထဲကို ကြက်သွန်ဖြူနီ ထည့်ဆီသတ်ပါ။

အနံလေးမွှေးလာပြီဆိုရင် ငပိအနည်းငယ်ထည့်မွှေပါ။ ငပိတူးမသွားစေရန် မီးအနညး်ငယ်လျော့ထားရပါမယ်။ ငပိစိမ်းနံပျောက်ပြီဆိုရင်မန်ကျီးသီးမှည့်အနှစ်ရည်ထည့်ပါတယ်။ ပြီးရင် အရသာမှုန့်နဲ့ ဆားအနည်းငယ်ထည့်ပါ။ မန်ကျီးသီးမှည့်နှစ်ရည် ပွက်ပွက်ဆူတာပျောက်ပြီးအနှစ်ဖြစ်လာပြီဆိုရင် မီးပိတ်ပြီး ငရုတ်သီးအကြမ်း မှုန့်ထည့်၊အနည်းငယ်မွှေပြီးရင် အိုးကိုမီးဖိုပေါ်က ချလို့ရပါပြီ။အိုးသူကြီးကတော့ ကြက်သွန်အဖြူ၊အနီ ကြော်ထား တာကို အပေါ်ကဖြူးပြီးစားရတာပို ကြိုက်ပါတယ်။ ကြက်သွန်အဖြူ၊ အနီအကြော်ကမပါဘဲလည်း စားလို့ကောင်းပါတယ်။ ဒါကိုဆီများများနဲ့ကြော်ပြီး ဖန်ပုလင်းထဲထည့်ထားရင် အနည်းဆုံး တစ်လလောက် အထားခံပါတယ်။ထမင်းပူပူလေးနဲ့ မန်ကျည်းသီးမှည့်ကြော်ကိုနယ်ပြီး အသားကြော် တစ်ခုခု ဒါမှမဟုတ်ကြက်ဥကြော်နဲ့ တွဲဖက်စားရင် လိုက်ဖက်သလိုမနက်စာ ထမင်းကြမ်း၊ အကြော်စုံလေးနဲ့တွဲဖက်စားရင် ထမင်းမြိန်စေမှာပါ။

ငါးမှုန့်ကြော်

ပါဝင်ပစ္စည်းများ- ငါးကြင်း (သို့) ငါးမြစ်ချင်း၊ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ စပါးလင် ငါးကြင်း(သို့)ငါးမြစ်ချင်းကို ရေဆေးပြီး ဆား၊ အရသာမှုန့်၊ဆနွင်းနဲ့နယ်ထားပါ။ စပါးလင်ကို ရေဆေးပြီးစပါးလင်ဥကို ငရုတ်ကျည်ပွေ့နဲ့ ထုထားပါ။ကြက်သွန်ဖြူနဲ့ ကြက်သွန်နီကို ထောင်းထားပါ။ငါး၊ စပါးလင်၊ ကြက်သွန်ဖြူကို အိုးတစ်လုံးထဲရေအနည်းငယ်ထည့်ပြီး ပြုတ်ပါ။ ငါးကျက်ပြီးရေခန်းပြီဆိုရင် ငါးအရိုးနွှင်ထားပါ။ ဒယ်အိုးထဲဆီခပ်များများ ထည့်ပြီး ဆီပူလာရင်ဆနွင်းမှုန့်အနည်းငယ်ထည့်ပါ။ ကြက်သွန်အဖြု၊ကြက်သွန်အနီ ထောင်းထားတာကိုထည့်ဆီသတ်ပါ။ ထို့နောက် အရိုးနွင်ထားတဲ့ငါးပြုတ်ဖတ်တွေကို ထည့်ကြော်ပါ။(ငါးမွှေချက်နည်းနဲ့ ဆင်တူပါတယ်) ငါးပြုတ်ဖတ်တွေ အကျက်ညီအောင် ဆက်တိုက်မွှေပေးနေရမှာ ဖြစ်ပါတယ်။ ငါးပြုတ်ဖတ်တွေ နီလာပြီးဆီအမြုပ်ထလာပြီဆိုရင် ငါးမွှေကြော်ရပါပြီ။ အစပ်ကြိုက်တဲ့သူတွေအနေနဲ့ငရုတ်သီးအကြမ်းမှုန့် ထည့်ကြော်ပြီးတော့လည်း သုံးဆောင်နိုင်ပါတယ်။

တာရှည် အထားခံတာကြောင့်ခပ်များများလေးကြော်ပြီး ဖန်ပုလင်းထဲထည့်ထားလို့ရပါတယ်။ငါးမှုန့်ကြော်ဟာ အဓိကဟင်းလျှာအဖြစ် ထမင်းနဲ့ တွဲဖက်စားသုံးနိုင်သလို ရေနွေးကြမ်းဝိုင်းမှာ အမြည်းအဖြစ်လည်း သုံးဆောင်လို့ရပါတယ်။ ကြွပ်ကြွပ်မွမွ မွှေးမွှေးလေးမို့ ကလေးတွေလည်း နှစ်သက်ကြမှာပါ။ ရုတ်တရက် မုန့်ဟင်းခါး စားချင်လာပြီဆိုရင်လည်းငါးမှုန့်ကြော်လေးပေါ်ကို ပဲရည်၊ ဆန်မှုန့်ရည် လောင်း ၊ကြက်သွန်ဥနီလေးတွေထည့်ပြီး မုန့်ဟင်းခါးအဖြစ် ပြောင်းလဲသုံးဆောင်နိုင်ပါတယ်။ငါးကြော်မှုန့်ကို အရွက်သုပ်တွေပေါ်မှာ ဖြူးပြီးတော့လည်းသုံးဆောင်နိုင်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး