COVID-19 ကူးစက်မှုကို ထိန်းချုပ်ဟန့်တားရန်အတွက် ပြင်သစ်၏ လူဦးရေ သုံးပုံတစ်ပုံခန့်အပေါ် သက်ရောက်မှုရှိမည့် ညမထွက်ရအမိန့် ထုတ်ပြန်ကြောင်း ပြင်သစ်သမ္မတ ဧမာနွေလမာခရွန်က အောက်တိုဘာ ၁၄ ရက်တွင် ပြောဆိုခဲ့သည်။
ယခုအချိန်သည် ပျော်ပွဲရွှင်ပွဲများ ကျင်းပရမည့်အချိန် မဟုတ်ကြောင်း မာခရွန်ကပြောဆိုခဲ့သည်။ ဗိုင်းရပ်စ်ကူးစက်မှု အများစုသည် ပါတီပွဲများနှင့် ပျော်ပွဲရွှင်ပွဲပြုလုပ် ကြသည့် လူစုလူဝေးများနှင့်ဆက်စပ်နေကြောင်း မာခရွန်က ပြောဆိုခဲ့သည်။
ဆေးရုံများ ဝန်ထုပ်ဝန်ပိုး မဖြစ်စေရေးနှင့် ကူးစက်မှုများ နှေးကွေးသွားစေ ရန်အတွက် ယခုကြေညာချက်သည် ပါရီနှင့် အခြားသော မြို့ကြီး ရှစ်မြို့ အပေါ်တွင် သက်ရောက်မှုရှိမည်ဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။
ပါတီပွဲများ၊ လူပေါင်း ၅၀၊၆၀ ဝန်းကျင် စုဝေးသော မိတ် စုံစားပွဲ ကျင်းပမှုများ၊ ညချမ်းကာလ ပျော်ပွဲရွှင်ပွဲကျင်းပမှုများသည် ရောဂါကူးစက်မှုအလျင်နှုန်းအတွက် အခြေခံကျသော အကြောင်းတရားများ ဖြစ်ခြင်း ကြောင့် ယာယီ တားမြစ်ရခြင်းဖြစ်ကြောင်း မာခရွန်က ပြောဆိုခဲ့သည်။
အစိုးရအနေဖြင့် အရေးပေါ်အခြေအနေတစ်ရပ် ထုတ်ပြန်ကြေညာခဲ့ ပြီးနောက် သမ္မတမာခရွန်က အောက်တိုဘာ ၁၇ ရက်မှ စတင်သက်ရောက်မည့် ည ကိုးနာရီမှ နံနက် ၆ နာရီအထိ ညမထွက်ရ အမိန့်ကို ကြေညာခဲ့သည်။
အဆိုပါ ညမထွက်ရအမိန့်သည် ကနဦးတွင် သီတင်းပတ် လေးပတ် ခန့် သက်ရောက်မည်ဖြစ်ပြီး ဒီဇင်ဘာ ၁ ရက်အထိ သက်ရောက်မည့် ထပ်တိုးနှစ်ပတ်ကာလ စီမံချက်ကို လွှတ်တော်၏ ခွင့်ပြုချက်ဖြင့် အစိုးရက ဆောင်ရွက်မည်ဖြစ်ကြောင်း မာခရွန်က ပြောဆိုခဲ့သည်။
‘’ ဒီအမိန့်ကြောင့် စားသောက်ဆိုင်တွေကို ၉ နာရီနောက်ပိုင်းဆိုရင် ကျွန်တော်တို့ သွားလို့မရတော့ပါဘူး။ မိတ်ဆုံစားပွဲတွေဆီကိုလည်း သွားလို့မရဘူး။ ပါတီပွဲတွေကိုလည်း သွားလို့မရတော့ပါဘူး’’ ဟု သမ္မတ မာခရွန်က အင်တာဗျူး တစ်ခုတွင် ပြောဆိုခဲ့သည်။

















