ရာသီဥတုပြောင်းလဲခြင်း၏ ငန်သောအရသာ

ရာသီဥတုပြောင်းလဲခြင်း၏ ငန်သောအရသာ

ရာသီဥတုပြောင်းလဲမှုကြောင့် ရေငန်ဝင်ရောက်ခြင်းသည် ဧရာဝတီမြစ်ဝှမ်း‌အောက်ပိုင်းနှင့် ကမ်းရိုးတန်းဒေသများရှိ ဒေသခံတိုင်းရင်းသားလယ်သမားများ၏ ဘဝကို ဆိုးရွားစွာသက်ရောက်မှုရှိပြီး ပြောင်း‌ရွှေ့အခြေချခြင်းနှင့် လယ်ယာစိုက်ပျိုးရေးအလုပ်ကို ကျောခိုင်းစွန့်ခွာရသော လယ်သမားအရေအတွက် များပြားလာစေသည်။

ရေငန်ဝင်ခြင်းဟုဆိုရာတွင် သောက်ရေနှင့် သုံးရေအပြင် စိုက်ခင်းများ၊ ရေသွင်းစိုက်ပျိုးရန်သုံးသော မြေအောက် ရေချိုအောင်းလွှာများအတွင်းသို့ ဆားငန်ရေဝင်ခြင်းကိုပါ ဆိုလိုသည်။မြေအောက်ရေ၏ အခန်းကဏ္ဍသည် ကျွန်ုပ်တို့ မြင်ကွင်းတွင် ကွယ်ပျောက်နေတတ်သည်။ လူအများသည် မြင်သာထင်သာရှိသော ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုကြောင့် မြေပေါ်ရေ ညစ်ညမ်းမှုကိုသာ စိတ်ဝင်တစားရှိကြသည်။

အကြီးတန်းဇလဘူမိဗေဒပညာရှင်တစ်ဦးဖြစ်သော ဦးမြင့်သိန်းက မြေအောက်ရေအရင်းအမြစ်များကို ထိန်းသိမ်းရန်အတွက် ပေါ်လစီများ၊ ဥပဒေများနှင့် တခြားအထောက်အပံ့များကို အစိုးရအဖွဲ့အစည်းများက ညှိနှိုင်းဖန်တီးပေးရန် တိုက်တွန်းထားသည်။

“ဥတုပြောင်းလဲမှုကို ထိန်းချုပ်ပြီး ထိခိုက်နိုင်မှုနည်းအောင် လျှော့ဖို့၊ လူတွေရဲ့ အလွန်အကျွံ ထုတ်ယူသုံးစွဲမှုတွေကို တားဆီးဖို့တွေအတွက် ပေါ်လစီတွေ၊ ဥပဒေတွေနဲ့ တခြားအထောက်အပံ့တွေကို အစိုးရအဖွဲ့အစည်းတွေက ညှိနှိုင်းဖန်တီးပြီး လိုက်နာဆောင်ရွက်အောင် ချမှတ်ပေးရမယ်” ဟု ဦးမြင့်သိန်းက အကြံပြုသည်။

ရေငန်ဝင်ခြင်းကို လက်တွေ့ခံစားနေရသော လယ်သမားများနှင့် ကမ်းရိုးတန်းဒေသရှိ လူ့အဖွဲ့အစည်းများအတွက် ပူပန်သော အင်ဂျင်နီယာများက ရေကြီးမှုကို လျှော့ချပြီး ရာသီသီးနှံစိုက်ပျိုးနိုင်ရာတွင်လည်း အကျိုးပြုနိုင်သည့် ရေတားတမံများတည်ဆောက်ပေးရန် တောင်းဆိုကြသည်။

ရေတားတမံများသည် ရေပြင်ကို ဘောင်ခတ်၍ မြေနိမ့်တူးကာ ဝင်ရောက်လာသောရေကို ထိန်းသိမ်းထားပြီး ရေများကို ရေထွက်ပေါက်မှတစ်ဆင့် ဆင်းသွားစေကာ ပင်လယ်ရေနှင့် ဒီရေတက်ချိန်တွင် ပင်လယ်ရေများ ပြန်မဝင်စေရန် အလိုအလျောက်တားဆီးပေးသည်။ ရေတားတမံဖြင့်ကာရန်ထားသော မြေမျက်နှာပြင်သည် မြေအောက်ရေအောင်းလွှာများအတွင်းသို့ ရေချိုပြန်လည်ဝင်ရောက်သဖြင့် ရေငန်ဝင်ရောက်ခြင်းကို အနည်းငယ်သာ ခံစားရသည်။ ထိုကြောင့် အဆိုပါနေရာရှိ မြေအောက်ရေကို အိမ်သုံးရည်ရွယ်ချက်ဖြင့် အသုံးမပြုနိုင်သော်လည်း လယ်သမားများသည် ထိုမြေကို စပါးစိုက်ပျိုးနိုင်ပြီး မိုးရေကို သိုလှောင်ရန်အတွက် ကန်အဖြစ် ဖန်တီးနိုင်သည်။

၁၉၇၆ မှ ၁၉၈၅ အတွင်း World Bank ၏ Paddy Project မှ ဧရာဝတီမြစ်ဝှမ်းအောက်ပိုင်း ဖျာပုံနှင့် ဘိုကလေးမြို့နယ်များတွင် တည်ဆောက်သော ရေတားတမံများသည် နှစ်ပေါင်းများစွာအတွင်း မြန်မာပြည်အောက်ပိုင်းတွင် စွန့်ပစ်ထားသော လယ်မြေများကို ပြန်လည်စိုက်ပျိုးနိုင်စေခဲ့သည်။ ရေကြီးခြင်းကို လျော့ချခြင်း၊ ရေချိုကို ထိန်းချုပ်ခြင်းနှင့် ရာသီအလိုက်သီးနှံများ စိုက်ပျိုးခြင်းတို့အတွက်လည်း အထောက်အကူပြုသည်။

သို့သော် ဥတုပြောင်းလဲမှုအတွက် ပြင်ဆင်ရန်နှင့် ၂၀၀၈ ခုနှစ်တွင် ဧရာဝတီမြစ်ဝှမ်းဒေသအနှံ့ လယ်ဧက ဟက်တာ ၂၃၀၀၀ ကျော်ပျက်စီးပြီး လူပေါင်း ၁၀၀,၀၀၀ ကျော် သေဆုံးခဲ့ရသော နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကဲ့သို့ အန္တရာယ်များကို ကာကွယ်ရန်အတွက် မြေတားတမံအမြင့်ကို တိုးမြှင့်တည်ဆောက်သွားရန်လိုအပ်နေကြောင်း ဒေသခံအင်ဂျင်နီယာများကဆိုသည်။

“ရေတားတမံတွေ တာတမံတွေရှိပေမဲ့ နာဂစ်လို ရာသီဥတုဖောက်ပြန်တဲ့ အဖြစ်မျိုးတွေအတွက်လည်း သတိထားဖို့ လိုအပ်တယ်။ နောက်မှာ ဒီလိုမဖြစ်ဖို့အတွက် ရေတားတမံတွေကို ပိုပြီးမြင့်အောင် ဆောက်ဖို့ လိုအပ်တယ်” ဟု ဖျာပုံမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (IWUMD) မှ အကြီးတန်းအင်ဂျင်နီယာဦးသိန်းဇော်က ဆိုသည်။

၂၀၀၈ ခုနှစ်တွင် ပင်လယ်ရေမျက်နှာပြင်သည် ၁၂ ပေအထက် မြင့်တက်ခဲ့ပြီး ထိုစဉ်က ၈ ဒသမ ၅ ပေ သာရှိသော ရေတားတမံများကို ဖြတ်ကျော်ဝင်ရောက်ခဲ့သည်။ ထို့ကြောင့် နောက်တစ်ကြိမ် ဤကဲ့သို့ အဆိုးရွားဆုံးအခြေအနေများကို ထိန်းသိမ်းရန် ရေတားတမံများကို ၁၂ပေထက် တိုးမြှင့်တည်ဆောက်ရမည်ဟု ဦးသိန်းဇော်က အကြံပြုသည်။

JICA (the Japan International Cooperation Agency) က ပံ့ပိုးမှုဖြင့် IWUMD (ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန)နှင့် ပူးပေါင်းကာ ရေတားတမံများကို အဆင့်မြှင့်တင်နေသည်ဟု သူကပြောခဲ့သည်။

“ရေတားတမံ ဧရိယာထဲကို ပင်လယ်ရေရောက်လာရင် ရေလွှမ်းမိုးမှုခံရတဲ့နေရာတွေကို ရေချိုဖြန့်ဖြူးပေးဖို့ ခဲယဉ်းတဲ့အတွက် သဘာဝဘေးအန္တရာယ်ကို ကြိုတင်ပြင်ဆင်ပြီး ကာကွယ်ခြင်းက အကောင်းဆုံးပါ”ဟု သူက ပြောသည်။

ခန့်မှန်းထားသော ကမ္ဘာ့အပူချိန်မြင့်တက်လာမှုသည် မြေအောက်ရေ ပြန်လည်စိမ့်ဝင်မှုကိုပါ လျော့ကျစေပြီး ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှုနှင့်အတူ ဖျာပုံဒေသနှင့် အနီးဝန်းကျင်တွင် ရေလွှမ်းမိုးမှုများ အနာဂတ်တွင် ပိုမိုဖြစ်ပေါ်စေနိုင်ကြောင်း မြန်မာနိုင်ငံ၏ မြေအောက်ရေအပေါ်ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်ပုံကို လေ့လာသော သုတေသနစာတမ်းတစ်စောင်တွင် ဇလဘူမိဗေဒပညာရှင် ဦးမြင့်သိန်းက ရှင်းပြထားသည်။ ယခု ရာစုတွင် ဧရာဝတီမြစ်ဝှမ်းဒေသ၌ ရာသီဥတုပြောင်းလဲမှု၏သက်ရောက်မှုကို ကြိုတင်ကာကွယ်ရန်အတွက် လက်ရှိရေတားတမံများ၏ အမြင့်နှင့် ဒီဇိုင်းလျာထားချက်များတွင် ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှုကိုလည်း ပေါင်းထည့်စဉ်းစားရန်လိုအပ်ပါသည်။

ဘေးကျပ်နံကျပ်အခြေအနေနှင့် လယ်သမားများ

ဧရာဝတီမြစ်ဝှမ်းအောက်ပိုင်း ကမ်းရိုးတန်းဒေသဖြစ်သော အမာမြို့နယ်မှ ဒေသခံများသည် သောက်ရေနှင့်ချိုးရေအတွက် ရေချိုရရှိရန် နေ့စဉ်နှင့်အမျှကြိုးပမ်းနေရသည်။ ရာသီဥတုပြောင်းလဲမှုကြောင့်လည်း လာမည့်နှစ်များတွင် ပိုမိုခက်ခဲလာမည်ဟု မျှော်မှန်းထားကြသည်။

“အမာမြို့နယ်နဲ့ ဖျာပုံတောင်ဘက်ပိုင်းတွေမှာက ဖျာပုံမြို့နယ်နဲ့ အနီးအနားက ရွာတွေလို ရေတားတမံမရှိဘူးဗျ” ဟု ဘဝသစ်ကျေးရွာမှ လယ်သမားများ၏ ကိုယ်စားလှယ်ဖြစ်သော ဦးဇော်ဝင်းက ပြောကြားသည်။

မြန်မာနိုင်ငံရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းအစီအစဉ် (MCCSAP) ၏ ကနဦးသုံးသပ်ချက်တစ်ခုက ၂၁၀၀ ပြည့်နှစ်၌ ကမ္ဘာတစ်ဝန်းတွင် ပင်လယ်ရေမျက်နှာပြင်သည် ဝဒသမ၂၆-၀ ဒသမ ၈၂ မီတာ မြင့်တက်လာပြီး မြန်မာနိုင်ငံ၏ ကမ်းရိုးတန်းများတွင် နောက်ထပ် ၁၀ ရာခိုင်နှုန်း ထပ်မံမြင့်တက်လာမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

“နှစ်တိုင်း စပါးစိုက်ဖို့အတွက် ရေချိုကို ထိန်းသိမ်းနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားနေရပါတယ်” ဟု အမာမြို့နယ်တွင်နေထိုင်သော အသက် ၅၇ ခုနှစ်အရွယ် လယ်သမားဦးစောမူလဲကဆိုသည်။မြေအောက်ရေ ပိုမိုငန်လာသောအခါ ရေချိုအတွက် မိုးရေကိုသာ လယ်သမားများက အားထားလာရသည်။

“စိုက်ဖို့အတွက်တင်မကဘူး သောက်ရေပါ လှောင်ထားဖို့ လိုအပ်တယ်” ဟု ဦးစောမူလဲကပြောသည်။

(စာရေးသူသည် Myanmar Water Protal မှဆက်သွယ်ပြန်ကြားရေး မန်နေဂျာဖြစ်သည်။)  

https://l.facebook.com/l.php?u=https%3A%2F%2Fwww.myanmarwaterportal.com%...
 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး