ကိုဗစ်ကာလမြဝတီနယ်စပ်ကုန်သွယ်ရေး အကန့်အသတ်များရှိသော်လည်း ကုန်သွယ်မှုလျော့ကျခြင်းမရှိ

ကိုဗစ်ကာလမြဝတီနယ်စပ်ကုန်သွယ်ရေး အကန့်အသတ်များရှိသော်လည်း ကုန်သွယ်မှုလျော့ကျခြင်းမရှိ

မြန်မာ-ထိုင်းနယ်စပ် မြဝတီကုန်သွယ်ရေးဇုန်မှ COVID-19 ကာလကုန်စည်စီးဆင်းမှုအတွက် အကန့်အသတ်များရှိသော်လည်း ကုန်သွယ်မှုပမာဏ လျော့ကျသွားခြင်းမရှိဘဲဘဏ္ဍာနှစ်ကုန်ထိ အမေရိကန်ဒေါ်လာ ၁၁၉၂ ဒသမ ၁၆ဝ သန်း ကုန်သွယ်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဌာနမှ ထုတ်ပြန်သောစာရင်းများအရ သိရသည်။

၂ဝ၁၉ အောက်တိုဘာ ၁ ရက်မှစက်တင်ဘာ ၂၅ ရက်အထိ အမေရိကန်ဒေါ်လာ ၁၁၉၂ ဒသမ ၁၆ဝ သန်းကုန်သွယ်နိုင်ခဲ့သည့်အတွက် ယခင်နှစ်ကာလတူက ကုန်သွယ်ခဲ့သည့် အမေရိကန်ဒေါ်လာ ၉၅ဝ ဒသမ၈ ၄၁ သန်းနှင့်နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၂၄၁ ဒသမ ၃၁၉ သန်း ပိုမိုကုန်သွယ်ထားနိုင်ကြောင်း သိရသည်။

မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပမာဏမှာ ယခင်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာသန်း ၂၄ဝ ကျော် မြင့်တက်လာသော်လည်း သွင်းကုန်ပစ္စည်းများမှာ ပုံမှန်ထက်လျော့နည်းခဲ့ပြီး ထိုင်းနိုင်ငံဘက်သို့တင်ပို့သည့် မြန်မာ့လယ်ယာထွက်ကုန် ပြောင်းဆန်များမှာ ယခင်နှစ်ကထက် ပိုမိုတင်ပို့နိုင်ခဲ့သည်။

''ကိုဗစ်ကာလမှာ သွင်းကုန်ရာခိုင်နှုန်း ကျတယ်။ ပို့ကုန်ကတော့ မြင့်လာတယ်။ ယခင်ငါးရာခိုင်နှုန်းကနေ ရာခိုင်နှုန်း ၄ဝ အထိ မြင့်တက်လာတယ်။ သွင်းကုန်ကတော့ ပြည်တွင်းမှာ ကုန်ပစ္စည်းဝယ်လိုအား လျော့ကျနေတဲ့အတွက်သွင်းကုန်ပမာဏက ရာခိုင်နှုန်းအားဖြင့်လျော့နည်းသွားတာ ဖြစ်ပါတယ်။ သို့သော်လည်း အခွန်ကင်းလွတ်ခွင့်ရတဲ့သြဂုတ်လကုန်ထိတော့ ပြောင်းဆန်တင်ပို့မှုမှာတော့ ယခင်နှစ်တွေထက်သိသိသာသာမြင့်တက်လာခဲ့တာတွေ့ရပါတယ်''ဟု မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောသည်။

မြဝတီနယ်စပ်မှ ထိုင်းနိုင်ငံဘက်သို့ မြန်မာလယ်ယာထွက်ကုန် ပြောင်း၊ပဲ၊ ကြက်သွန်၊ ငရုတ်နှင့် CMP ချုပ်ထည်များ တင်ပို့မှုမှာ စက်တင်ဘာ၂၅ ရက်အထိ အမေရိကန်ဒေါ်လာ ၃၈ဝ ဒသမ ဝ၇၅ သန်းထိ တင်ပို့နိုင်သည့်အတွက် ယခင်နှစ်ကာလတူထက်ဒေါ်လာ ၁၇၁ ဒသမ ၃၃၇ သန်းပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

ထို့အတူ ပြည်တွင်းဈေးကွက်၌ဝယ်လိုအားလျော့ကျနေသော ထိုင်းကုန်စည်များတင်သွင်းမှုမှာ ရာခိုင်နှုန်းအားဖြင့် လျော့ကျနေသော်လည်း ၁၁လကျော်အတွင်း အမေရိကန်ဒေါ်လာ၈၁၂ ဒသမ ဝ၈၅ သန်းဖိုးထိ တင်သွင်းထားသည့်အတွက် ယခင်နှစ်ကာလတူထက် ဒေါ်လာ ၆၉ ဒသမ ၉၈၂ သန်းပိုမိုတင်သွင်းနိုင်ခဲ့ကြောင်းသိရသည်။

COVID-19 အရေးပေါ်ကာလအဖြစ် မတ်လ ၂၁ ရက်မှစတင်၍အမှတ်(၂)ချစ်ကြည်ရေးတံတားပေါ်မှခရီးသည်သွားလာမှုကို ကန့်သတ်ထားသော်လည်း ကုန်စည်စီးဆင်းမှုရပ်ဆိုင်းမသွားစေရေးအတွက် နှစ်နိုင်ငံတာဝန်ရှိသူများညှိနှိုင်းကာ အမှတ်(၂)တံတားမှကုန်သွယ်မှုကို ခွင့်ပြုထားသော်လည်းလတ်တလောအခြေအနေတွင် ထိုင်းကုန်တင်ယာဉ်များကို မြဝတီမြို့အတွင်းဝင်ခွင့်မပြုသလို မြန်မာကုန်တင်ယာဉ်များကိုလည်း မဲဆောက်မြို့တွင်းအထိဝင်ခွင့်မပြုတော့ကြောင်းသိရပြီး ကုန်စည်များကို တံတားကြီး၏ သူ့ဘက်ပိုင်း၊ ကိုယ့်ဘက်ပိုင်း BCF ဇုန်၌သာချိန်းပြောင်းသယ်ဆောင်ခွင့်ပြုလျက်ရှိကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး