ဥရောပသမဂ္ဂ ခေါင်းဆောင်များ မျက်နှာချင်းဆိုင်အစည်းအဝေးသို့ ထိပ်သီးခေါင်းဆောင်များ တက်ရောက်

ဥရောပသမဂ္ဂ ခေါင်းဆောင်များ မျက်နှာချင်းဆိုင်အစည်းအဝေးသို့ ထိပ်သီးခေါင်းဆောင်များ တက်ရောက်

ဘရပ်ဆဲလ် အောက်တိုဘာ ၁၆ - အောက်တိုဘာ ၁၅ ရက်တွင် ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့၌ ကျင်းပသော ဥရောပသမဂ္ဂ မျက်နှာချင်းဆိုင်အစည်း အဝေးသို့ ဥရောပ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လာမည့် သီတင်းပတ်များအတွင်း ဗြိတိန်နိုင်ငံနှင့်အတူ ကုန်သွယ်ရေး ဆိုင်ရာ သဘောတူညီချက်အသစ်တစ်ခု ရရှိရန်အတွက် ခေါင်းဆောင်များက ဆွေးနွေးခဲ့ကြပြီး သဘောတူညီချက် မရခဲ့ပါကလည်း အရေးပေါ်ပြင်ဆင်မှု များ တိုးမြှင့်လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။

Brexit အရေး ဆွေးနွေးရန်အတွက် ကျင်းပသော အီးယူအဖွဲ့ဝင် ခေါင်းဆောင် ၂၇ ဦးပါဝင်သည့် ယင်းအစည်းအဝေး၌ လာမည့် သီတင်းပတ် များအတွင်း ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်သွားရန် ပူးတွဲဆုံးဖြတ် ချက်တစ်ခု ချမှတ်နိုင်ခဲ့ပြီး ဖြစ်နိုင်ခြေရှိသော သဘောတူညီချစ်တစ်ခုအား ချမှတ်ရန်အတွက် ဗြိတိန်နိုင်ငံအား တိုက်တွန်းခဲ့ကြသည်။

ဥရောပသမဂ္ဂမှ ဗြိတိန်အပြီးတိုင်ခွဲထွက်မှု လုပ်ငန်းစဉ်များ ယခုနှစ် အကုန်ပိုင်းတွင် ပြီးမြောက်အောင်မြင်အောင် မဖြစ်မနေဆောင်ရွက်ရေးဆို သည့် ဥရောပသမဂ္ဂ၏ ရည်မှန်းချက်ကိုလည်း အလေးထားဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

အစည်းအဝေး ဖွင့်ပွဲအခမ်းအနားပြုလုပ်ပြီးနောက် မကြာမီတွင် ဥရောပသမဂ္ဂ ဥက္ကဋ္ဌဖြစ်သူ အာဆူလာဗွန်ဒါလီယန်သည် အစည်း အဝေးခန်းမအတွင်းမှ ထွက်ခွာသွားခဲ့သည်။ သူမ၏ အနီးကပ်ဝန်ထမ်းတစ်ဦး COVID-19 ကူးစက်ခံထားရခြင်းကြောင့် ခေတ္တသာ ပါဝင်ရခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ခွဲနမူနာ စစ်ဆေးရာတွင် ရောဂါပိုးမတွေ့ရှိခဲ့ရသော်လည်း ကြိုတင်ကာကွယ်မှုအဖြစ် သီးခြားခွဲ၍နေထိုင်ရန်အတွက် အစည်းအဝေးမှ ထွက်ခွာခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ နှစ်ရက်ကြာ ကျင်းပသော အစည်းအဝေး မပြုလုပ်မီတွင် ဗွန်ဒါလီယန်သည် အခြားသော အီးယူခေါင်းဆောင်များနှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။

ညီလာခံကျင်းပရေးကော်မတီကမူ ခေါင်းဆောင်များအတွက် ကြိုတင် ကာကွယ်ရေးအထူးသတိပေးချက်များ ထုတ်ပြန်ထားပြီး ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းများကိုလည်း သေချာစွာလေးစားလိုက်နာကြရန် ပန်ကြားခဲ့သည်။ အွန်လိုင်းဗီဒီယိုစနစ်ဖြင့် ဆွေးနွေးသော အစည်းအဝေးသည် လက်တွေ့သံတမန်ရေးရာဖလှယ်ခြင်းနှင့် အလွန်ပင် သီးခြားဖြစ်တည်နေ ခြင်းကြောင့် မျက်နှာချင်းဆိုင် ဆွေးနွေးကြရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အေပီ