ပြိုင်ဘက်ဂျိုးဘိုင်ဒန်အပေါ် အခြားခေါင်းဆောင်များနှင့် ခိုင်းနှိုင်း၍ ဒေါ်နယ်ထရမ့် ပြောဆို

ပြိုင်ဘက်ဂျိုးဘိုင်ဒန်အပေါ် အခြားခေါင်းဆောင်များနှင့် ခိုင်းနှိုင်း၍ ဒေါ်နယ်ထရမ့် ပြောဆို

ဝါရှင်တန် အောက်တိုဘာ ၁၆ - အမေရိကန် ပြည်ထောင်စုတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်၊ မြောက်ကို ရီးယားခေါင်းဆောင် ကင်ဂျုံအန်နှင့် ရုရှားသမ္မတ ပူတင်တို့ကဲ့သို့ ဉာဏ်ရည် ဉာဏ်စွမ်းရှိသော ခေါင်းဆောင်မျိုးများ လိုအပ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အောက်တိုဘာ ၁၄ ရက်ညပိုင်း၌ အီယိုဝါရှိ ဒီမွိုင်းစ်မြို့တွင် ပြုလုပ်သော မဲဆွယ်ပွဲ၌ အတိုက်အခံ ဒီမိုကရက်တစ်သမ္မတလောင်း ဂျိုး ဘိုင်ဒန်ကို ရည်ရွယ်ကာ ပြောဆိုခဲ့သည်။

‘’သမ္မတ ရှီကျင့်ဖျင် ၁၀၀ ရာခိုင်နှုန်း တော်တယ်။ ရုရှားရဲ့ ပူတင်က လည်း ၁၀၀ ရာခိုင်နှုန်း တော်တယ်။ မြောက်ကိုရီးယားရဲ့ ကင်ဂျုံအန်က လည်း ၁၀၀ ရာခိုင်နှုန်း တော်တယ်။ ဒီလူတွေက ထက်မြက်ပြီး တော်ကြပါ တယ်။ ဂျိုးဘိုင်ဒန်မှာ အဲဒီအရာ မရှိဘူး။ သူ့ရဲ့ အကောင်းဆုံး အချိန်တွေမှာ တောင် သူဟာ ထက်မြက်မှုမရှိခဲ့ဘူး။ ဒါကို အားလုံးလည်း သိပြီးသားပါ’’ ဟု ထရမ့်က ဂျိုးဘိုင်ဒန်ကို ရည်ရွယ်ကာ ပြောကြားခဲ့သည်။

၂၀၁၆ ခုနှစ် ရွေးကောက်ပွဲတွင် ထရမ့်အနေဖြင့် လွယ်ကူစွာ အနိုင်ရရှိ ခဲ့သော အီယိုဝါပြည်နယ်သည် စစ်တမ်းကောက်ယူမှုအရ ပြတ်သားစွာ အနိုင်ရရှိရန် မလွယ်ကူသော အခြေအနေတွင် ရှိနေကြောင်း သိရသည်။ ကျေးလက်ဒေသဖွံ့ဖြိုး ရေးအတွက် အာရုံစိုက်ကာ လုပ်ဆောင်မည်ဟု ပြောဆိုမဲဆွယ်ခဲ့သော ထရမ့်သည် ထောက်ခံမှု ၅၀ ရာနှုန်းရရှိထားပြီး ၄၄ ရာနှုန်းရရှိထားသည့် ဘိုင်ဒန်ကို ဦးဆောင်နေကြောင်း သိရသည်။

ထရမ့်၏ မဲဆွယ်ပွဲကို ဒီမွိုင်းစ်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကျင်းပခဲ့ပြီး ထောင်နှင့်ချီသော ပရိသတ်များ တက်ရောက်ခဲ့ကြကာ အများစု မှာ နှာခေါင်းစည်းများ တင်ဆပ်ထားခြင်း မရှိပေ။ အေပီ