အမေရိကန်တွင် COVID-19 ကူးစက်သူ ရှစ်သန်း ကျော်ရှိပြီဖြစ်

အမေရိကန်တွင် COVID-19 ကူးစက်သူ ရှစ်သန်း ကျော်ရှိပြီဖြစ်

ဝါရှင်တန် အောက်တိုဘာ ၁၆ - တစ်လမပြည့်သေးမီ အချိန်အတွင်း ကူးစက်သူတစ်သန်းကျော်အထိ မြင့်တက်ခဲ့ပြီးနောက် အောက်တိုဘာ ၁၅ ရက်တွင် အမေရိကန်ပြည်ထောင် စု၌ COVID-19 ကူးစက်သူ ၈ သန်းကျော်လွန်ခဲ့ပြီဖြစ်ကြောင်း ရိုက်တာသ တင်းဌာန၏ စာရင်းအင်းများအရ သိရသည်။ 

ကပ်ရောဂါ စတင်ချိန်မှစ၍ လက်ရှိအချိန်အထိ အမေရိကန်တွင် သေဆုံးသူ ၂၁၇၀၀၀ ကျော် ရှိပြီဖြစ်ကြောင်း ရိုက်တာ၏ အချက်အလက် များအရ သိရသည်။ အောက်တိုဘာ ၁၄ ရက်တွင် အမေရိကန်ပြည်ထောင်စု၌ COVID-19 ကူးစက်သူသစ် ၆၀၀၀၀ ရှိခဲ့ပြီး သြဂုတ်လ ၁၄ ရက်ကူးစက်မှုပြီးနောက် အများဆုံး အရေအတွက် ဖြစ် ကြောင်း သိရသည်။ ပြည်နယ်တိုင်းလိုလိုတွင် ကူးစက်မှု မြင့်တက်နေပြီး အထူးသဖြင့် နိုင်ငံအနောက်အလယ်ပိုင်းဒေသများတွင် ပိုမိုများပြားကြောင်း သိရသည်။ 

အေးသောရာသီဥတုသည် ရောဂါပိုး ကူးစက်မှုကို ပိုမိုမြင့်မားစေနိုင် ကြောင်း ကျွမ်းကျင်ပညာရှင်အချို့က သတိပေးခဲ့ကြပြီးဖြစ်သည်။ သို့သော် ကူးစက်မှု မြင့်မားစေသည့် အခြေခံအကြောင်းအရင်းကို အတိအကျ ရှင်းလင်းပြောဆိုမှု မရှိခဲ့ပေ။ 

အောက်တိုဘာလတွင် အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ်ပေါင်း ၂၅ ပြည်နယ်၌ COVID-19 ကူးစက်မှု စံချိန်တင် မြင့်တက်ခဲ့ကြောင်း ရိုက်တာ သတင်းဌာန၏ လေ့လာမှုတစ်ရပ်အရ သိရသည်။ 
အေပီ