မြန်အောင်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုံခြုံရေးဆောင်ရွက်ပေးရန် ခန့်အပ်ထားသည့် အထူးရဲတပ်ဖွဲ့များအတွက် ဖွင့်လှစ်ထားသော သင်တန်းတွင် တက်ရောက်နေသည့် အထူးရဲသင်တန်းသားများအား Rapid Test Kit ဖြင့် Covid-19 ရောဂါပိုးရှိ/မရှိ စစ်ဆေးခြင်းကို အောက်တိုဘာ ၁၅ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်တွင် မြန်အောင်ဝေဠုဝန် ပရိယတ္တိစာသင်တိုက်အတွင်းခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းသို့ စစ်ဆေးရာတွင် မြို့မရဲစခန်းပိုင်မဲရုံ ၅၀ အတွက် ခန့်အပ်ထားသည့် အထူးရဲ ၅၀ ဦးနှင့်သင်တန်းနည်းပြ ၆ ဦးတို့အား စစ်ဆေးခဲ့ခြင်းဖြစ်သည်။
ထို့သို့ Rapid Test Kit ဖြင့် Covid-19 ရောဂါပိုးရှိ/မရှိ စစ်ဆေးခြင်းကို မြို့နယ် ပြည်သူ့ဆေးရုံမှ ဒေါက်တာ တေဇာစိုးနိုင်နှင့် ကျန်းမာရေး ဝန်ထမ်းများက အထူးရဲ သင်တန်းသားများနှင့် သင်တန်း နည်းပြများအား စစ်ဆေးဆောင်ရွက်ပေးခဲ့ရာ မြို့နယ်အတွင်းအထူးရဲ ၂၁၁ ဦးနှင့် သင်တန်းနည်း ပြများ၌ ရောဂါပိုး မတွေ့ရှိကြောင်း မြို့နယ် ပြည်သူ့ဆေးရုံမှ ဒေါက်တာ တေဇာစိုးနိုင်ထံမှ သိရသည်။
မြန်အောင်မြို့နယ်၌ အထူးရဲ ၂၁၁ ဦးအား သင်တန်းနည်းပြ ၃၀ ဦးတို့ဖြင့် အောက်တိုဘာ ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ သင်တန်းပို့ချဆောင်ရွက်နေခြင်းဖြစ်ကြောင်း မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသက်ဝေထံမှ သိရှိရသည်။
















