နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို မြဝတီခရိုင်အတွင်း ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲရုံးအသီးသီးတွင် ဒုတိယအကြိမ်အဖြစ် အောက်တိုဘာလဆန်းမှစ၍ကပ်ထားကြေညာပေးခဲ့ရာတွင် ယခင်ထက် မဲဆန္ဒရှင်ဦးရေ ၃၆ဝဝဝ ကျော်ပိုမိုပါဝင်လာကြောင်း သိရသည်။
ထိုသို့ကပ်ထားကြေညာခြင်းသည်ဒုတိယအကြိမ်နှင့် နောက်ဆုံးအကြိမ်ဖြစ်ပြီး အောက်တိုဘာ ၁ ရက်မှ ၁၄ရက်အထိ သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာပေးခဲ့ခြင်းဖြစ်သည်။
''လက်ရှိ ဒုတိယအကြိမ်မဲစာရင်းမှာတော့ မြဝတီခရိုင် မြဝတီမြို့နယ်မှာ စုစုပေါင်းဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၅၁,ဝ၂၉ ဦးရှိပါတယ်။ ပထမအကြိမ်ကြေငြာတဲ့အချိန်မှာ ၁၁၄,၂၆၈ ဦးပဲကြေညာနိုင်ခဲ့တာပါ။ လက်ရှိအခြေအနေအရတော့ အရင်မဲစာရင်းထက်လူဦးရေ ၃၆ဝဝဝ ကျော်တိုးလာတာကိုတွေ့ရပါတယ်''ဟု မြဝတီခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အတွင်းရေးမှူး ဦးလင်းနိုင်စိုးက ပြောသည်။
မြဝတီခရိုင်တွင် မဲရုံ ၈၃ ရုံထားရှိသွားမည်ဖြစ်ပြီး နိုင်ငံရေးပါတီ ရှစ်ပါတီမှ ကိုယ်စားလှယ်လောင်း ၃၂ ဦးနှင့် တစ်သီးပုဂ္ဂလပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦး အပါအဝင် စုစုပေါင်း ကိုယ်စားလှယ်လောင်း ၃၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း မြဝတီရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
''မြဝတီအနေနဲ့ Stay at Home လည်းမဟုတ်တဲ့အခါကျတော့ သက်ဆိုင်ရာ ရပ်ကွက်ကော်မရှင်ရုံးတွေမှာကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနကထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေအတိုင်းလိုက်နာပြီး သွားရောက်ကြည့်ရှုလို့ရပါတယ်။ ဒီရွေးကောက်ပွဲဆိုတာကလည်း ငါးနှစ်မှတစ်ကြိမ် ကျင်းပတာဖြစ်လို့ အရေးကြးီသလို COVID- 19 ရောဂါကူးစက်မှုတွေရှိနေတဲ့အတွက်ကျန်းမာရေးကိစ္စကလည်း အရေးကြီးပါတယ်''ဟု ဦးလင်းနိုင်စိုးက ပြောသည်။
ဒုတိအကြိမ်ထုတ်ပြန်သည့်ဆန္ဒမဲစာရင်းတွင် မိမိအမည်ပါဝင်ခြင်းမရှိသည့် မဲဆန္ဒရှင်များအနေနှင့် မဲစာရင်းကြေညာစဉ်ကာလအတွင်း ပုံစံ(၃)ဖြင့်အမည်ထည့်သွင်းရန် တောင်းဆိုခြင်း၊အခြားဒေသမှလာရောက်နေထိုင်သူများဖြစ်ပါက ပုံစံ(၃-က)ဖြင့်လျှောက်ထားခြင်း၊ မဲစာရင်းတွင် မပါဝင်သင့်သူများပါဝင်ပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များမှားယွင်းခဲ့သည်များရှိခဲ့သည့်အတွက် ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းများကို သက်ဆိုင်ရာတာဝန်ရှိသူများမှ ပြန်လည်စိစစ်၍ ဆောင်ရွက်ပေးခဲ့ကြောင်းလည်း သိရသည်။
















