ရာထူးမှနုတ်ထွက်မည်မဟုတ်ကြောင်း ထိုင်းဝန်ကြီးချုပ်ပရာယွတ် ချန်အိုချာ ပြောကြား

ရာထူးမှနုတ်ထွက်မည်မဟုတ်ကြောင်း ထိုင်းဝန်ကြီးချုပ်ပရာယွတ် ချန်အိုချာ ပြောကြား

ဘန်ကောက် အောက်တိုဘာ ၁၆ - ထုတ်ပြန်ထားသော အရေးပေါ်အမိန့် ဒီဂရီကို ဆန့်ကျင်ခဲ့သည့် ဆန္ဒပြ သူပေါင်း သောင်းနှင့်ချီရှိသော်လည်း ၎င်းအနေဖြင့် ရာထူးမှ နုတ်ထွက် မည်မဟုတ်ကြောင်းနှင့် ဆန္ဒပြသူများအနေဖြင့် ပေကပ်ကပ်မလုပ်ကြရန် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက အောက်တိုဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။

ဘုရင်မင်းမြတ် မဟာဝဇီရာလောင်ကွန်း၏ လုပ်ပိုင်ခွင့်အာဏာအား လျှော့ချပစ်ရန်နှင့် ဝန်ကြီးချုပ် ချန်အိုချာ နုတ်ထွက်ပေးရေး တောင်းဆိုခဲ့ကြ သည့် ဆန္ဒပြမှုများ သုံးလနီးပါးကြာမြင့်လာခဲ့ပြီးနောက် အစိုးရသည် လူငါးဦးထက် ပိုမိုစုဝေးခြင်း မပြုလုပ်ကြရန် အရေးပေါ်အမိန့်ဒီဂရီကို အောက်တိုဘာ ၁၅ ရက် နံနက်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ ယင်းအမိန့်ထုတ် ပြန်မှုကို ဆန္ဒပြသူများက ဖီဆန်ခဲ့ပြီး အောက်တိုဘာ ၁၅ ရက် ညနေပိုင်း တွင် အကြီးမားဆုံး ဆန္ဒပြမှုတစ်ခုအဖြစ် ဘန်ကောက်၌ စုဝေး ခဲ့ကြသည်။

‘’ကျွန်တော်က မထွက်ပါဘူး။ အစိုးရက အရေးပေါ်အမိန့်ဒီဂရီကို အသုံးပြုရမယ်။ အကြမ်းဖက်တဲ့ အခြေအနေမျိုးတွေ ဖြစ်လာတဲ့အတွက် ကျွန်တော်တို့က ဒီလိုလုပ်ရခြင်းဖြစ်တယ်။ ဒါကို ရက်ပေါင်း ၃၀ ကြာ လုပ် ဆောင်သွားမယ် ဒါမှမဟုတ် အခြေအနေတွေ လျော့ကျသွားရင်တော့ လျှော့ ပေးမယ်’’ ဟု ဝန်ကြီးချုပ်က အစိုးရဝန်ကြီးအဖွဲ့ အရေးပေါ်အစည်းအဝေး ပြီးနောက် သတင်းထောက်များသို့ ပြောကြားခဲ့သည်။

အောင်စိုးသူ ဘာသာပြန်သည်။