ဆွေးနွေးအဖြေရှာမှုမှ နုတ်ထွက်သွားခဲ့သော ရုရှားအပေါ် ရှုတ်ချကြောင်း သြစတြေးလျ ထုတ်ပြန်

ဆွေးနွေးအဖြေရှာမှုမှ နုတ်ထွက်သွားခဲ့သော ရုရှားအပေါ် ရှုတ်ချကြောင်း သြစတြေးလျ ထုတ်ပြန်

အော့ကလန် အောက်တိုဘာ ၁၆ - နယ်သာလန်နှင့် သြစတြေးလျနိုင်ငံသားများ အများစုပါဝင်ပြီး လေယာဉ်ပေါ်၌ လိုက်ပါလာသည့် လူပေါင်း ၂၉၈ ဦးစလုံး သေဆုံးခဲ့သော MH-17 ခရီးသည်တင်လေယာဉ် ပစ်ချခံရမှုနှင့် ပတ်သက်ပြီး ဆွေးနွေးတိုင် ပင်အဖြေရှာမှုမှ ရုရှားနုတ်ထွက်သွားခြင်းအပေါ် ရှုတ်ချကြောင်း သြစတြေး လျနိုင်ငံက အောက်တိုဘာ ၁၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ရုရှား၏ လုပ်ရပ်အပေါ် နယ်သာလန်နိုင်ငံက ရှုတ်ချခဲ့ပြီးနောက် အောက်တိုဘာ ၁၆ ရက်တွင် သြစတြေးလျက နယ်သာလန်နှင့် ပူးပေါင်းပါဝင်ခဲ့ခြင်းဖြစ်သည်။ ရုရှားထုတ် လေကြောင်းကာကွယ်ရေးစနစ် ဒုံးကျည်ဖြင့် ပစ်ချခံခဲ့ရသော မလေးရှားလေကြောင်းပိုင် MH-17 ဘိုးအင်း ၇၇၇ ခရီးသည်တင်လေယာဉ်ကြီး ကြမ္မာဆိုးနှင့် ကြုံတွေ့ရခြင်း အကြောင်းအား အတိအကျသိရှိနိုင် ရန်ရည်ရွယ်ချက်ဖြင့် အဆိုပါ သုံးနိုင်ငံ သည် ၂၀၁၈ ခုနှစ်တွင် စတင်ပူးပေါင်း ဆွေးနွေးခဲ့ကြသည်။

လေယာဉ်ပစ်ချခံရမှုနှင့် ပတ်သက်ပြီး ရုရှားတွင်သာ တာဝန်ရှိကြောင်း နယ်သာလန်နှင့် သြစတြေးလျတို့က ပြောဆိုခဲ့ကြသည်။ ထို့ကြောင့် ရုရှားအစိုးရအပေါ်တွင်သာ အပြစ်တင်ရန် ကြိုးစားနေကြကြောင်း ရုရှားဘက်မှ ပြောဆိုခဲ့ပြီးနောက် အောက်တိုဘာ ၁၅ ရက်တွင် ဆွေးနွေးတိုင်ပင်မှု စကားဝိုင်းမှ ထွက်သွားခဲ့သည်။

၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်တွင် MH-17 လေယာဉ်သည် နယ်သာလန်မှ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့သို့ ဦးတည်သည့် ခရီးစဉ်၌ ယူကရိန်းလေပိုင်နက်အတွင်းသို့ ဖြတ်၍ ပျံသန်းနေစဉ်အတွင်း ရုရှားလိုလားသူခွဲထွက်ရေးသူပုန်များ အခြေစိုက်ရာ ဒေါညက်စ်ဒေသ အရောက်တွင် ပစ်ချခံခဲ့ရခြင်းဖြစ်သည်။

အောင်စိုးသူ ဘာသာပြန်သည်။