Zoom နှင့် Global Technology Company (GlobalNet)တို့ ပူးပေါင်းကာ မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးဝန်ဆောင်မှုကိုဆောင်ရွက်မည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
၎င်းတို့ပူးပေါင်းကာ မြန်မာနိုင်ငံအနေနှင့် COVID-19 ကူးစက်ရောဂါ ကာကွယ်တိုက်ဖျက်နေစဉ်ကာလအတွင်းစီးပွားရေးလုပ်ငန်းများ၊ မြန်မာ့ပညာရေး ကဏ္ဍစုံအတွက်ခေတ်မီ ဗီဒီယိုဆက်သွယ်ရေး ပလက်ဖောင်းနှင့်ဆက်သွယ်ခြင်းကို အလျှင်အမြန်နေသားတကျဖြစ်လာစေရန် ကူညီပံ့ပိုးပေးမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
''Zoom ဟာ မြန်မာနိုင်ငံအတွက် လုံးဝမရှိမဖြစ် လိုအပ်သောအရေးပါတဲ့ ခေတ်မီဆက်သွယ်ရေး ပလက်ဖောင်း ဖြစ်တယ်''ဟု Global Technology Group ၏ Co-Founder နှင့် Chairman ဖြစ်သူ ဦးရှိန်းသူအောင်က ပြောသည်။
Global Technology Company (GlobalNet) သည် Zoom နှင့် ပူးပေါင်းရန် ၂ဝ၂ဝ ပြည့်နှစ် အောက်တိုဘာလ ၁၄ ရက်တွင် လက်တွဲခဲ့ကြပြီး Zoom ၏ product suite အလုံးစုံကို မြန်မာနိုင်ငံဈေးကွက်အတွင်းသို့ ဝင်ရောက်လာစေသောပထမဆုံးအခွင့်အလမ်းဖြစ်သည် ဟုလည်း ဖော်ပြပါရှိသည်။
အဆိုပါ ပူးပေါင်းဆောင်ရွက်မှုကြောင့် မြန်မာနိုင်ငံအတွင်း Global Technology ၏ မိတ်ဖက်များသည် Zoom ၏ video- first unified communications solutions အပါအဝင် Zoom Meetings, Zoom Rooms နှင့် Zoom Webinars တို့အတွက်ပါ access ရရှိမည်ဖြစ်သည်။
Global Technology Group သည် ဆက်သွယ်ရေးကဏ္ဍ၏ Telecom, Media, Technology (TMT) အစရှိသည့် ဝန်ဆောင်မှု လုပ်ငန်းများတွင် ၂ဝဝဝ ပြည့်နှစ်မှစတင်၍ နည်းပညာအဖွဲ့အစည်းအဖြစ် စတင်ဆောင်ရွက်ခဲ့သည်။
Zoom သည် ဒီဂျစ်တယ်အသွင်ဖြင့် အစည်းအဝေးများ၊စီးပွားရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ သင်တန်းများ၊ဆွေးနွေးပွဲများ ပြုလုပ်ရန် နာမည်ကြီးပြီး ၂ဝ၁၁ ခုနှစ်တွင်တည်ထောင်ခဲ့ကာ ကယ်လီဖိုးနီးယားပြည်နယ်၊San Jose တွင်ရုံးချုပ်ဖွင့်လှစ်ထားသည်။
















