ဂျပန်နိုင်ငံ အသက်အာမခံလုပ်ငန်း Dai-ichi Life Group မှစီးပွားရေးလုပ်ငန်းအသိပညာများကို လေ့လာနိုင်သည့် KATARU အမည်ရ Digital Platform Microsite တစ်ခုကို မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
''ကျွန်မတို့နိုင်ငံရဲ့ အသက်အာမခံလုပ်ငန်းကဏ္ဍအနေနဲ့ ထွန်းသစ်စဖြစ်နေသေးတာကြောင့် အနာဂတ်မှာရှိလာမယ့်အခွင့်အရေး၊ အလားအလာကောင်းတွေကို အကောင်းဆုံးအသုံးချနိုင်ဖို့မဖြစ်မနေ လုပ်ဆောင်ရမယ့်အရာတွေအများကြီးရှိနေပါတယ်''ဟု Dai-ichi Life Insurance Myanmar ၏ CEO ဖြစ်သူ ဒေါ်ဇာခြည်တင်မှ ပြောကြားသည်။
အဆိုပါ မိုက်ခရိုဆိုဒ် (Microsite)သည် မြန်မာနိုင်ငံ အာမခံလုပ်ငန်းကဏ္ဍအတွက် ပထမဆုံးသော ဒစ်ဂျစ်တယ်ပလက်ဖောင်း မိုက်ခရိုဆိုဒ်ဖြစ်ပြီးပြည်တွင်းရှိ လူ့အဖွဲ့အစည်း၊ လုပ်ငန်းရှင်ဖြစ်လိုသူများ၊ အာမခံကုမ္ပဏီ ဝန်ထမ်းများ၊ကိုယ်စားလှယ်များနှင့် မန်နေဂျာများအတွက် စီးပွားရေးနှင့် အာမခံလုပ်ငန်းကဏ္ဍဆိုင်ရာများကို အဓိကဖော်ပြပေးသွားမည့် နေရာတစ်ခုဖြစ်ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Dai-ichi Life InsuranceMyanmar ၏ Microsite ကို လူတိုင်းဖတ်ရှုနိုင်စေရန် အင်္ဂလိပ်၊ မြန်မာဘာသာနှစ်မျိုးစလုံးဖြင့် ရေးသားဖော်ပြထားမည်ဖြစ်ကာအာမခံလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု၊ ဘဏ်လုပ်ငန်း၊ အရောင်းနှင့် စီးပွားရေးစီမံခန့်ခွဲမှုတို့ကို ဒေသတစ်ဝန်းတွင် ၁ဝစုနှစ်ပေါင်းများစွာ လုပ်ကိုင်လာခဲ့သောဝါရင့်အတွေ့အကြုံများရှိသူ Dai-ichi Life Insurance Myanmar ၏ အကြီးတန်းစီမံခန့်ခွဲမှု အဖွဲ့ဝင်များမှ ရေးသားထားသည့် ဆောင်းပါးများကိုလည်းဖတ်ရူနိုင်မည် ဖြစ်သည်။
Kataru မိုက်ခရိုဆိုဒ်ကို https://kataru.dai-ichi-life.com.mm/ မှတစ်ဆင့် ဝင်ရောက်လေ့လာနိုင်သည်။ Dai-ichi Life Insurance Myanmarသည် မြန်မာနိုင်ငံတွင် အာမခံလုပ်ငန်းလုပ်ဆောင်ခွင့်ရရှိသည့် ကုမ္ပဏီ ဖြစ်ပြီး ၂ဝ၁၉ ခုနှစ်၊ နိုဝင်ဘာလတွင်အသက်အာမခံလုပ်ငန်း လိုင်စင် ရရှိခဲ့ကာ ၂ဝ၂ဝ ပြည့်နှစ်၊ ဇန်နဝါရီလတွင်လုပ်ငန်းစတင်လည်ပတ်ထားသည်။
















