ပေကျင်း အောက်တိုဘာ ၁၇ - တရုတ်ရှိ ဆေးဝါးကုမ္ပဏီများက ထုတ်လုပ်ထားသည့် COVID-19 စမ်းသပ်ကာကွယ်ဆေးများကို အများပြည်သူအား ကျယ်ကျယ်ပြန့်ပြန့်ထိုးနှံနိုင်ရေးကို လုပ်ဆောင်နေပြီဖြစ်သည်။
တရုတ်ကုမ္ပဏီ Sinovac က ထုတ်လုပ်ထားသည့် COVID-19 စမ်းသပ်ကာကွယ်ဆေးကို အများပြည်သူအား ထိုးနှံပေးမည်ဖြစ်ကြောင်း ရှန်ဟိုင်းမြို့တောင်ဘက်ရှိ ချားရှန်းမြို့က အောက်တိုဘာ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ မြို့လည်ပတ်ရေးကို စီမံဆောင်ရွက်နေသူများအပါအဝင် ကူးစက်နိုင်ခြေများသူများအား ဦးစားပေးထိုးနှံမည်ဖြစ်သော်လည်း အရေးပေါ်လိုအပ်ချက်ရှိသည့် မြို့နေများလည်း ကာကွယ်ဆေးထိုးနှံရေးအစီအစဉ်တွင် စာရင်းပေးနိုင်ကြောင်း ချားရှန်းမြို့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။
Sinovac က ထုတ်လုပ်ထားသည့် ကာကွယ်ဆေးသည် နောက်ဆုံးအဆင့်စမ်းသပ်မှုကိုရောက်ရှိနေပြီဖြစ်သော်လည်း တရုတ်ဆေးဝါးကြီးကြပ်ရေးအဖွဲ့ထံမှ အတည်ပြုချက်မရသေးချေ။ အရေးပေါ်ခွင့်ပြုမိန့်ဖြင့် ကာကွယ်ဆေးထိုးနှံပေးမည်ဖြစ်ကြောင်း ချားရှန်းမြို့က ထုတ်ပြန်ခဲ့သည်။
တရုတ်အမျိုးသားဇီဝနည်းပညာလုပ်ငန်းစု(CNBG)ကလည်း ပြည်ပသို့သွားရောက် ပညာသင်ယူမည့် ကျောင်းသားများအား ကာကွယ်ဆေးအခမဲ့ထိုးနှံပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ အွန်လိုင်းစစ်တမ်းကောက်ယူမှုအရ လူ ၁၆၈၀၀၀ ကျော်သည် ကာကွယ်ဆေးထိုးနှံလိုကြောင်း စာရင်းပေးထားပြီး ၉၁၀၀၀ ကျော်ကလည်း ကာကွယ်ဆေးထိုးနှံရန် စဉ်းစားနေကြောင်း လုပ်ငန်းစုက ထုတ်ပြန်ခဲ့သည်။
တရုတ်ဆေးဝါးကုမ္ပဏီများသည် COVID-19 ကာကွယ်ဆေးငါးမျိုးကို နောက်ဆုံးအဆင့်စမ်းသပ်မှုများပြုလုပ်နေသည်။ ယခုနှစ်မကုန်မီတွင် အများပြည်သူအတွက် ကာကွယ်ဆေးဖြန့်ချိပေးနိုင်မည်ဖြစ်ကြောင်း တရုတ်ထိပ်တန်းကျန်းမာရေးအရာရှိများက ကတြိပုထားသည်။
CNBG ထုတ်ကာကွယ်ဆေးကို ပြည်ပသို့စေလွှတ်မည့် ကျန်းမာရေးဝန်ထမ်းများနှင့် ကုမ္ပဏီဝန်ထမ်းများအား ထိုးနှံပေးခဲ့ပြီးဖြစ်သည်။ CNBG ၏ ကာကွယ်ဆေးစမ်းသပ်မှုအစီအစဉ်တွင်လည်း လူ ၄၀၀၀၀ ခန့်ပါဝင်ခဲ့ပြီးဖြစ်သည်။
ကာကွယ်ဆေးများထိရောက်မှုရှိပါက ကူးစက်ရောဂါအကြီးအကျယ်ဖြစ်ပွားနေသည့် ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုတို့သို့သွားရောက်မည့် ကျောင်းသားများကို ကာကွယ်ပေးမည်ဖြစ်သည်။ သို့သော် ကာကွယ်ဆေးထိရောက်မှုမရှိပါက လူများသည် လုံခြုံသည်ဟုမှတ်ယူပြီး ပေါ့ဆစွာနေထိုင်သွားလာကာ ကူးစက်ခံရနိုင်ခြေရှိနေကြောင်း ဗြိတိန်နိုင်ငံ လန်ဒန်တက္ကသိုလ် ကင်းစ်ကောလိပ်ရှိ ဇီဝကိုယ်ကျင့်တရားဆိုင်ရာကျွမ်းကျင်သူ ဆရီဓာ န်ကာတာပူရမ်ကပြောဆိုခဲ့သည်။ အေပီ

















