အိန္ဒိယသည် သူတို့ရေတပ်၌ ၁၉၈၈ ခုနှစ်ကတည်းက အသုံးပြုခဲ့သည် ရုရှားလုပ် Kilo အမျိုးအစား INS Sindhuvir ရေငုပ်သင်္ဘောကို မြန်မာသို့ ရောင်းချလိုက်ပြီဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုခဲ့သည်။
ယင်းရေငုပ်သင်္ဘောကို ဝိသာခပတ္တနမ်ရှိ ဟိန္ဒူစတန်သင်္ဘောတည်ဆောက်ရေးကုမ္ပဏီက ပြန်လည်ပြုပြင်ပေးထားခြင်းဖြစ်သည်။ ပြန်လည်ပြုပြင်ထားမှုကြောင့် တာဝန်ထမ်းဆောင်ချိန် နောက်ထပ် ၁၀ နှစ်မှ ၁၅ နှစ်အထိတိုးမြင့်သွားခဲ့သည်။ ယင်းကြောင့် မြန်မာရေတပ်သည် အဆိုပါရေငုပ်သင်္ဘောကို ၂၀၃၀ ပြည့်နှစ်ကျော်ကာလများအထိ အသုံးပြုနိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံအပေါ် တရုတ်က သြဇာသက်ရောက်မှုနှင့် အိန္ဒိယသမုဒ္ဒရာဒေသတွင်း တရုတ်ရေတပ်၏နယ်ပယ်ချဲ့ထွင်သွားလာမှုများကို တန်ပြန်ရန်အတွက် မြန်မာသို့ အိန္ဒိယက ရေငုပ်သင်္ဘောရောင်းချရန် ဆုံးဖြတ်ရခြင်းဖြစ်နိုင်ကြောင်း လေ့လာသူများက သုံးသပ်သည်။
၂၀၁၇ ခုနှစ်တွင် တရုတ်သည် Ming အမျိုးအစား ရေငုပ်သင်္ဘောနှစ်စင်းကို ဘင်္ဂလားဒေ့ရှ်သို့ ဒေါ်လာ သန်း ၂၀၀ တန်စာချုပ်ချုပ်ဆိုပြီး ရောင်းချခဲ့သည်။ ယင်းကြောင့် ဘင်္ဂလားဒေ့ရှ်သည် ရေတပ်ပိုင် စစ်လက်နက်များအတွက် ပြုပြင်တပ်ဆင်ရေးနှင့် အနာဂတ်တွင် အဆင့်မြှင့်တင်ရေးတို့တွင် တရုတ်အပေါ်အားကိုးလာရသည်။
၂၀၁၇ ခုနှစ်မှစ၍ ဘင်္ဂလားဒေ့ရှ်ရေတပ်သည် တရုတ်ထံမှ ရေတပ်သင်္ဘောများစွာကို ဝယ်ယူခဲ့ပြီး နောက်ထပ်အနည်းငယ်ဝယ်ယူရန်လည်း စာချုပ်ချုပ်ဆိုထားပြီးဖြစ်သည်။ဘင်္ဂလားဒေ့ရှ် ကော့စ်ဘဇား၌ ရေတပ်၏ ရေငုပ်သင်္ဘောအခြေစိုက်စခန်းတည်ဆောက်ရန် တရုတ်နိုင်ငံပိုင်ကုမ္ပဏီတစ်ခုနှင့် စာချုပ်ချုပ်ဆိုထားခြင်းကို ကြည့်ခြင်းဖြင့် ဘင်္ဂလားဒေ့ရှ်သည် ကာကွယ်ရေးကဏ္ဍတွင် တရုတ်အပေါ် ပိုမိုမီုခိုလာသည့်အချက်ကို နားလည်နိုင်မည်ဖြစ်သည်။ တရုတ်စစ်လက်နက်ပစ္စည်းကျွမ်းကျင်သူများသည် ဘင်္ဂလားဒေ့ရှ်၌ တည်ဆောက်မည့် စစ်သင်္ဘောများ၏ဒီဇိုင်းထုတ်လုပ်မှုနှင့် ဆောက်လုပ်မှုများကို ကြီးကြပ်သည်အထိ လုပ်ဆောင်ခွင့်ရရှိမည်ဖြစ်သည်။
အရှင်းဆုံးပြောရမည်ဆိုလျှင် စစ်လက်နက်ပစ္စည်းနှင့် စစ်ဘက်သုံးကိရိယာများနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်က တရုတ်အပေါ် ပိုမိုမှီခိုလာရမှုကြောင့် တရုတ်လက်တံသည် အိန္ဒိယအရှေ့ဘက်ကမ်းရိုးတန်းရှိ အိန္ဒိယရေတပ်ဆိုင်ရာနေရာများအနီးနှင့် ဝိသာခပတ္တနမ်အနီးရှိ အိန္ဒိယနျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတပ်ဖွဲ့မှ မနီးမဝေးနေရာအထိပါ ရောက်ရှိလာခဲ့သည်။
ဘင်္ဂလားဒေ့ရှ်ရေတပ်၏ရေငုပ်သင်္ဘောအခြေစိုက်စခန်းကို တရုတ်သင်္ဘောများနှင့် ရေငုပ်သင်္ဘောများက ပြန်လည်ပြုပြင်ရန်နှင့် လောင်စာဖြည့်တင်းရန်လည်း အသုံးပြုလာနိုင်ခြေရှိနေပြန်သည်။ ဘင်္ဂလားဒေ့ရှ်ဆိပ်ကမ်းများနှင့် အခြေစိုက်စခန်းများတွင် တရုတ်ရေတပ်သင်္ဘောများကို ဆိုက်ကပ်ခွင့်ပြုမည်မဟုတ်ကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့ဝင်တစ်ဦးက ၂၀၁၆ ခုနှစ်တွင် ပြောဆိုခဲ့ပြီးနောက် ရက်သတ္တပတ်အနည်းငယ်အကြာတွင် စစ်တကောင်းဆိပ်ကမ်း၌ တရုတ်ပဲ့ထိန်းဒုံးကျည်တင် သင်္ဘောနှစ်စင်းနှင့် ထောက်ပို့သင်္ဘောတစ်စင်းတို့ကို မြင်တွေ့ခဲ့ရသည်။ ဘင်္ဂလားပင်လယ်အော်တွင်း၌လည်း ဘင်္ဂလားဒေ့ရှ်ရေတပ်သည် တရုတ်ရေတပ်နှင့် မကြာခဏပူးတွဲစစ်ရေးလေ့ကျင့်လေ့ရှိနေသည်။
အိန္ဒိယသည် မြန်မာရေတပ်၏လိုအပ်ချက်များကို ဖြည့်ဆည်းရေးတွင် အကူအညီမပေးနိုင်ပါက မြန်မာသည်လည်း ဘင်္ဂလားဒေ့ရှ် လျှောက်သည့်လမ်းအတိုင်းလိုက်ကာ တရုတ်ကို အကူအညီတောင်းခံတော့မည်ဖြစ်သည်။ ဘင်္ဂလားပင်လယ်အော်တွင်း တရုတ်လက်တံပိုမိုရှည်လျားလာပါက အိန္ဒိယရေတပ်အတွက် ဆိုးရွားသော အကျိုးဆက်များသာရှိမည်ဖြစ်သည်။
အိန္ဒိယနှင့် တရုတ်တို့သည် မြန်မာနိုင်ငံ၌ သြဇာသက်ရောက်နိုင်ရေးကို ယှဉ်ပြိုင်ကြိုးပမ်းနေကြသည်။ နှစ်နိုင်ငံစလုံးသည် မြန်မာနိုင်ငံရှိ ဆိပ်ကမ်းစီမံကိန်းများတွင် ပါဝင်နေသည်။တရုတ်၏သြဇာဖြန့်ကျက်မှုကို တန်ပြန်ရေးအတွက် အိန္ဒိယသည် မြန်မာသို့ စစ်လက်နက်ပစ္စည်းများရောင်းချခဲ့ပြီးဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် အိန္ဒိယသည် မြန်မာရေတပ်သို့ အပေါ့စားတော်ပီဒိုများရောင်းချခဲ့ပြီးဖြစ်ကြောင်း အိန္ဒိယရှိ Swarajya မဂ္ဂဇင်းက ဖော်ပြခဲ့ပြီးဖြစ်သည်။
ယခုလအစောပိုင်းတွင်လည်း အိန္ဒိယစစ်ဦးစီးချုပ် ဗိုလ်ချုပ် မနောဂျ် မူခန်း နာရာဗာနဲသည် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီးဖြစ်သည်။ မြန်မာသို့ လက်နက်ကြီးများ၊ T-72 သံချပ်ကာယာဉ်အတွက် လက်နက်ခဲယမ်းများနှင့် တော်ပီဒိုများ ဆက်လက်ထောက်ပံ့မည်ဖြစ်ကြောင်း အိန္ဒိယက ခရီးစဉ်အတွင်း ကတိပြုခဲ့သည်။
မြန်မာအပေါ် တရုတ်က သြဇာပိုမိုဖြန့်ကျက်နိုင်ခြင်းကြောင့် ဘင်္ဂလားပင်လယ်အော်၊ အိန္ဒိယသမုဒ္ဒရာနှင့် အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းတို့၌ အိန္ဒိယအတွက် ပြဿနာသာပိုရှိလာမည်ဖြစ်သည်။ အိန္ဒိယအရှေ့မြောက်ပိုင်း၌ ကျင်လည်ကျက်စားနေသည့် သူပုန်တပ်ဖွဲ့အများစုသည် မြန်မာနိုင်ငံအတွင်း၌လည်း စခန်းများရှိနေကာ မြန်မာလုံခြုံရေးတပ်ဖွဲ့များနှင့် အိန္ဒိယနှင့်ပူးပေါင်းပြီး ယင်းစခန်းများကို နှိမ်နင်းရေးကိုလုပ်ဆောင်ခဲ့ကြပြီးဖြစ်သည်။ သို့သော် မြန်မာအပေါ် တရုတ်က သြဇာပိုမိုကြီးမားလာပါက အိန္ဒိယနှင့် မြန်မာတို့ကြား ယင်းကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုများတွင် အကန့်အသတ်များရှိလာမည်ဖြစ်သည်။ (Swarajya မဂ္ဂဇင်းဝက်ဘ်ဆိုက်ရှိ Explained: Why India Is Giving A Submarine To Myanmar Despite Itself Facing Shortage ကို ဆီလျော်အောင် ပြန်ဆိုသည်။)

















