မက္ကဆီကိုကာကွယ်ရေးဝန်ကြီးဟောင်း မူးယစ်မှောင်ခိုမှုများတွင် ပါဝင်ခဲ့

မက္ကဆီကိုကာကွယ်ရေးဝန်ကြီးဟောင်း မူးယစ်မှောင်ခိုမှုများတွင် ပါဝင်ခဲ့

မက္ကဆီကိုစီးတီး အောက်တိုဘာ ၁၇ - မက္ကဆီကိုကာကွယ်ရေးဝန်ကြီးဟောင်း ဆယ်လ်ဗေဒေါ ရှန်ဖူဂိုစ်သည် တာဝန်ထမ်းဆောင်ချိန်အတွင်း ဘဲထရန်-လေဗာမူးယစ်ဂိုဏ်းခွဲတစ်ခုကို ကာကွယ်ပေးခဲ့ပြီး ပြိုင်ဘက်ဂိုဏ်းများကို စစ်တပ်အင်အားဖြင့် နှိမ်နင်းခဲ့ကာ မူးယစ်ဆေးဝါးများကို ပြည်ပသို့ပို့ဆောင်ရေးတွင်လည်း အကူအညီပေးခဲ့ကြောင်း အမေရိကန်ဥပဒေအရာရှိများက အောက်တိုဘာ ၁၆ ရက်တွင် ပြောဆိုခဲ့သည်။

ရှန်ဖူဂိုစ်သည် အမေရိကန်ပြည်ထောင်စု လော့စ်အန်ဂျလိစ်လေဆိပ်၌ အောက်တိုဘာ ၁၅ ရက်တွင် အဖမ်းခံခဲ့ရသည်။ ရှောင်ဖူဂိုစ်သည် H-2 မူးယစ်မှောင်ခိုဂိုဏ်းဝင်များအား အမေရိကန်ကစုံစမ်းစစ်ဆေးမှုနှင့်ပတ်သက်၍ သတိပေးမှုအပါအဝင် အကာအကွယ်ပေးမှုများအတွက် လာဘ်ငွေများရှရိခဲ့ကြောင်း နယူးယောက်ရှိ ဥပဒေအရာရှိများကပြောဆိုခဲ့သည်။ အသက် ၇၂ နှစ်အရွယ် ရှန်ဖူဂိုစ်သည် မူးယစ်မှောင်ခိုမှု၊ ငွေမည်းခဝါချမှုများအပါအဝင် ပြစ်မှုလေးမှုဖြင့် တရားစွဲဆိုခံထားရသည်။

ရှန်ဖူဂိုစ်သည် သမ္မတ အန်းရိကာ ပဲညာ နီတိုးဦးဆောင်သော အစိုးရအဖွဲ့တွင် ၂၀၁၂ မှ ၂၀၁၈ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်း၏လက်ထောက်များ၊ ပါတီဝင်များသည်လည်း အကျင့်ပျက်ခြစားမှုများဖြင့် တရားစွဲဆိုခံနေရပြီဖြစ်သည်။ သမ္မတဟောင်း ပဲညာ နီတိုးသည်လည်း မူးယစ်ဂိုဏ်းထံမှ လာဘ်ငွေယူခဲ့ကြောင်း စွပ်စွဲမှုများနှင့် ကြုံတွေ့နေရသည်။

ရှန်ဖူဂိုစ်အား လွန်ခဲ့သောနှစ်နှစ်ခန့်တွင် အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်က ထူးချွန်မှုဆိုင်ရာဆုတံဆိပ်ချီးမြှင့်ခဲ့ခြင်းက အမေရိကန်ကျောထောက်နောက်ခံရ မူးယစ်နှိမ်နင်းရေးလုပ်ဆောင်မှုတွင် အားနည်းချက်များရှိနေကြောင်း ဖော်ပြနေသည်။

ရှန်ဖူဂိုစ်နှင့်ဆက်စပ်၍ စွပ်စွဲခံရသည့် အစိုးရအရာရှိများအား တာဝန်မှအနားပေးမည်ဖြစ်ကြောင်း လက်ရှိမက္ကဆီကိုသမ္မတ မယ်နူယယ် လိုပက်ဇ် အော်ဘရာဒေါက ပြောဆိုထားပြီးဖြစ်သည်။ မူးယစ်ဆေးဝါးနိုင်ငံတော်၊ မူးယစ်ဆေးဝါးအစိုးရ၊ မူးယစ်မှောင်ခိုအစိုးရအကြောင်းကို ထုတ်ဖော်ပြောဆိုရမည်ဖြစ်ကြောင်း လိုပက်ဇ်အော်ဘရာဒေါကပြောဆိုခဲ့သည်။ အေပီ