အာမေးနီးယားတပ်များ၏ပစ်ခတ်မှုကြောင့် အရပ်သားများသေဆုံးနေကြောင်း အဇာဘိုင်ဂျန်စွပ်စွဲ

အာမေးနီးယားတပ်များ၏ပစ်ခတ်မှုကြောင့် အရပ်သားများသေဆုံးနေကြောင်း အဇာဘိုင်ဂျန်စွပ်စွဲ

ဘာကူ အောက်တိုဘာ ၁၇ - အာမေးနီးယားတပ်များ၏ပစ်ခတ်မှုကြောင့် ဂန်ဂျာမြို့ရှိ အရပ်သား ၁၂ ဦးသေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း အဇာဘိုင်ဂျန်အစိုးရက အောက်တိုဘာ ၁၇ ရက်တွင် ပြောဆိုခဲ့သည်။

အဇာဘိုင်ဂျန်ရှိ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် ဂန်ဂျာရှိ လူနေအဆောက်အအုံများအား လက်နက်ကြီးကျည်ဆန်နှစ်ခု ထိမှန်ခဲ့ကြောင်း အဇာဘိုင်ဂျန်ဥပဒေအရာရှိချုပ်ရုံးက ထုတ်ပြန်ခဲ့သည်။ အာမေးနီးယားဘက်မှ ထုတ်ပြန်မှုမရှိသေးချေ။

အဇာဘိုင်ဂျန်ပိုင်နက်တွင်းရှိပြီး အာမေးနီးယားတိုင်းရင်းတပ်များက ထိန်းချုပ်ထားသည့် နာဂေါ်နို-ကရာဘက်ဒေသနှင့်ပတ်သက်၍ အဇာဘိုင်ဂျန်တပ်များနှင့် အာမေးနီးယားတိုင်းရင်းသားတပ်များကြား စက်တင်ဘာ ၂၇ ရက်ကတည်းက တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

အာမေးနီးယားတပ်များသည် နာဂေါ်နို-ကရာဘက်ဒေသမှတစ်ဆင့် အဇာဘိုင်ဂျန်ရှိ အခြားဒေသများသို့လည်း စစ်မျက်နှာကို ချဲ့ထွင်လာနေကြောင်း အဇာဘိုင်ဂျန်အာဏာပိုင်များက အောက်တိုဘာ ၁၆ ရက်တွင် စွပ်စွဲပြောဆိုခဲ့သည်။ အာမေးနီးယားကလည်း အဇာဘိုင်ဂျန်တပ်များသည် အာမေးနီးယားစစ်သုံ့ပန်းနှစ်ဦးကို အဆုံးစီရင်ခဲ့ကြောင်း တန်ပြန်စွပ်စွဲခဲ့သည်။

အဇာဘိုင်ဂျန် နာခ်ချီဗန်ဒေသရှိ အိုဒူဘာအနီးတွင် အာမေးနီးယားတပ်မှ ပစ်ခတ်လိုက်သည့် ဒုံးကျည်တစ်စင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း အာဇာဘိုင်ဂျန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ နာခ်ချီဗန်ဒေသသို့ ဒုံးကျည်ပစ်ခတ်ခဲ့ခြင်းမရှိကြောင်း အာမေးနီးယားကာကွယ်ရေးဝန်ကြီးဌာနက ဖြေရှင်းပြောဆိုခဲ့သည်။

အာမေးနီးယားနှင့် လုံခြုံရေးစာချုပ်ချုပ်ဆိုထားပြီး အဇာဘိုင်ဂျန်နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသည့် ရုရှားသည် နှစ်နိုင်ငံမှသံတမန်များကို မော်စကိုသို့ ဖိတ်ခေါ်ပြီး ဆွေးနွေးစေခဲ့ရာ အောက်တိုဘာ ၁၀ ရက်တွင် အပစ်အခတ်ရပ်စဲရန် သဘောတူညီမှုရရှိခဲ့သည်။ သို့သော် နှစ်ဖက်စလုံးသည် သဘောတူညီမှုကို ချက်ချင်းပင်ချိုးဖောက်ပြီး တစ်ဖက်နှင့်တစ်ဖက် ပြစ်တင်ပြောဆိုခဲ့သည်။၎င်းတို့ပိုင်နယ်မြေကို အင်အားသုံးသိမ်းပိုက်ခွင့်ရှိနေကြောင်း အဇာဘိုင်ဂျန်အစိုးရကပြောဆိုခဲ့သည်။ အေပီ