ပါရီ အောက်တိုဘာ ၁၇ - ပြင်သစ်နိုင်ငံ၌ စာသင်ခန်းတစ်ခုအတွင်း ကျောင်းသားများအား တမန်တော်မိုဟာမက်ကိုသရော်ထားသည့် ကာတွန်းများကို ပြသခဲ့သည့် ကျောင်းဆရာတစ်ဦး ကျောင်းအပြင်ဘက်၌ အောက်တိုဘာ ၁၆ ရက်တွင် ခေါင်းဖြတ်ခံခဲ့ရခြင်းသည် အစွန်းရောက်အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ကြောင်း ပြင်သစ်သမ္မတဧမာနွေလ မာခရွန်က ပြောဆိုခဲ့သည်။
မာခရွန်သည် အခင်းဖြစ်ပွားခဲ့သည့် ကွန်ဖလန်စ်-ဆင့်-ဟိုနိုရင်မြို့ရှိ စာသင်ကျောင်းသို့ သွားရောက်ပြီး ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့သည်။ တစ်နိုင်ငံလုံးသည် ဆရာများကို ခုခံကာကွယ်ရေးနှင့်ပတ်သက်၍ ညီညွတ်စွာရပ်တည်နေပြီး အစွန်းရောက်မှုအနိုင်ရရှိမည်မဟုတ်ကြောင်း မာခရွန်ကပြောဆိုခဲ့သည်။
လွတ်လပ်စွာကိုးကွယ်ယုံကြည်မှုနှင့်ပတ်သက်၍ သင်ကြားခဲ့သည့်အတွက် ရဲဘော်ရဲဘက်တစ်ဦး အသတ်ခံခဲ့ရကြောင်း မာခရွန်ကပြောဆိုခဲ့သည်။ အကြမ်းဖက်သမားများသည် ပြင်သစ်၌ သွေးကွဲမှုရှိစေရန် တိုက်ခိုက်မှုကိုကျူးလွန်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်သမားများလိုလားသလို သွေးမကွဲသင့်ကြောင်း ၎င်းကပြောဆိုခဲ့သည်။
အရွယ်မရောက်သေးသူတစ်ဦးအပါအဝင် လူလေးဦးကို ယခုသတ်ဖြတ်မှုနှင့်ဆက်စပ်၍ ဖမ်းဆီးထားကြောင်း တရားရေးအရင်းအမြစ်တစ်ခုကပြောဆိုခဲ့သည်။ ယင်းလူလေးဦးသည် တိုက်ခိုက်သူနှင့်ဆက်စပ်နေပြီး တိုက်ခိုက်သူကို ရဲတပ်ဖွဲ့က အသေပစ်ခတ်ဖမ်းဆီးခဲ့ရသည်။
ပြင်သစ်နိုင်ငံ၌ သရော်စာမဂ္ဂဇင်း ရှာလီ ဟက်ဘ်ဒိုနှင့် ဂျူးလူမျိုးများဆိုင်ရာဈေးဝယ်စင်တာတစ်ခုတို့ တိုက်ခိုက်ခံခဲ့ရသည့် ၂၀၁၅ ခုနှစ်မှစ၍ အစ္စလာမ်အစွန်းရောက်မှုဆိုင်ရာ တိုက်ခိုက်မှုများရှိခဲ့သည်။ ယခုတိုက်ခိုက်မှုကို အကြမ်းဖက်အဖွဲ့အစည်းတစ်ခုနှင့်ဆက်စပ်သော လူသတ်မှုအဖြစ် သတ်မှတ်ထားကြောင်း ပြင်သစ်အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရာရှိများကပြောဆိုခဲ့သည်။ အေပီ

















