တာ့ခ် အောက်တိုဘာ ၁၇ - ထိုင်းနိုင်ငံရှိ တာ့ခ်ခရိုင်၌ နေထိုင်သည့် မြန်မာနိုင်ငံသား ဇနီးမောင်နှံနှစ်ဦးသည် COVID-19 ကူးစက်ခံထားရကြောင်း ထိုင်းအစိုးရက အောက်တိုဘာ ၁၇ ရက်တွင် ရှင်းလင်းထုတ်ပြန်ခဲ့သည်။
တာ့ခ်ရှိ မဲဆောက်စီရင်စု၌ ထိုင်းနိုင်ငံသားနှစ်ဦး COVID-19 ကူးစက်ခံထားရကြောင်း ထိုင်းနိုင်ငံ၌ အောက်တိုဘာ ၁၆ ရက်တွင် ကောလာဟလများပျံ့နှံ့နေခဲ့သည်။ COVID-19 အတည်ပြုလူနာနှစ်ဦးသည် မြန်မာနိုင်ငံသားများဖြစ်ကြကြောင်း ဒုတိယကျန်းမာရေးဝန်ကြီး ဆာတစ် ပီတူတဲချာ၏အကြံပေး သာနစ်ဖို ချိုင်ယာနန်ကပြောဆိုခဲ့သည်။
“အတည်ပြုလူနာတချို့နဲ့ပတ်သက်ပြီး သတင်းမှားတွေပြန့်နေပါတယ်၊ ဒါကြောင့် လူနာနှစ်ဦးဟာ ထိုင်းနိုင်ငံသားတွေဖြစ်နေတယ်လို့ လူတွေမှတ်ယူနေကြတာဖြစ်ပါတယ်၊ အခုလူနာနှစ်ဦးက မြန်မာနိုင်ငံသားနှစ်ဦးဖြစ်ပါတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုထားပါတယ်” ဟု သာနစ်ဖိုကပြောဆိုခဲ့သည်။
လူနာနှစ်ဦးသည် ထိုင်းနိုင်ငံ၌ နေထိုင်နေသည်မှာ နှစ်များစွာကြာမြင့်နေပြီဖြစ်သည့် မြန်မာဇနီးမောင်နှံဖြစ်ပြီး ၎င်းတို့၏သားသည် မဲဆောက်-မြဝတီနယ်စပ်၌ အလုပ်လုပ်ကိုင်သူဖြစ်ကြောင်း သာနစ်ဖိုက ဆက်လက်ပြောဆိုခဲ့သည်။ အဆိုပါလူနာနှစ်ဦးသည် မဲဆောက်-မြဝတီနယ်စပ်ရှိ အတည်ပြုလူနာနှင့်ထိတွေ့ရာမှ ကူးစက်ခဲ့ခြင်းဖြစ်နိုင်ကြောင်း အစိုးရအရာရှိများက ယူဆနေသည်။
မြန်မာနိုင်ငံသားနှစ်ဦးသည် COVID-19 ကူးစက်ခံထားရသော်လည်း ရောဂါလက္ခဏာမပြသေးကြောင်း၊ ၎င်းတို့ကို မဲဆောက်ဆေးရုံတွင် ကုသပေးနေပြီး ရပ်ကွက်မြို့နယ်အတွင်း ဆက်လက်ကူးစက်မှုမရှိစေရန် ကျန်းမာရေးစည်းမျဉ်းများနှင့်အညီ လုပ်ဆောင်နေကြောင်း သာနစ်ဖိုကပြောဆိုခဲ့သည်။
ထိုင်း-မြန်မာနယ်စပ်ရှိ အခြေအနေကို စစ်ဆေးရန်အတွက် ကျန်းမာရေးဝန်ကြီး အနူတင် ချန်းဗီရာကူသည် အောက်တိုဘာ ၁၈ ရက်တွင် တာ့ခ်ခရိုင်သို့သွားရောက်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။ Source: The Nation Thailand

















