နယူးဇီလန်အထွေထွေရွေးကောက်ပွဲ ဝန်ကြီးချုပ်၏လေဘာပါတီ မဲအများစုဖြင့် အနိုင်ရနိုင်ခြေရှိ

နယူးဇီလန်အထွေထွေရွေးကောက်ပွဲ ဝန်ကြီးချုပ်၏လေဘာပါတီ မဲအများစုဖြင့် အနိုင်ရနိုင်ခြေရှိ

ဝယ်လင်တန် အောက်တိုဘာ ၁၇ - နယူးဇီလန်နိုင်ငံ၌ အောက်တိုဘာ ၁၇ ရက်တွင် ပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲ၌ ဝန်ကြီးချုပ်ဂျာဆင်ဒါ အာဒန်၏လေဘာပါတီသည် ပြိုင်ဘက်ပါတီများအပေါ် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိမည့် အလားအလာများရှိနေကြောင်း ကနဦးမဲရေတွက်မှုရလဒ်များအရသိရသည်။

ရွေးကောက်ပွဲကို စက်တင်ဘာတွင် ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း COVID-19 ကူးစက်သူသစ်များရှိလာသဖြင့် ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်။ မဲရုံများကို ဒေသဆိုင်ရာစံတော်ချိန် နံနက် ၉ နာရီတွင် ဖွင့်လှစ်ခဲ့ပြီး ည ၇ နာရီတွင် ပိတ်သိမ်းမည်ဖြစ်သည်။ အောက်တိုဘာ ၃ ရက်တွင် ပြုလုပ်ခဲ့သည့် ကြိုတင်မဲပေးမှုတွင် လူတစ်သန်းကျော် မဲပေးခဲ့ကြပြီးဖြစ်သည်။

ကနဦးရလဒ်များအရ အာဒန်သည် ဒုတိယသက်တမ်းကို ဆက်လက်ထမ်းဆောင်ရဖွယ်ရှိနေသည်။ သို့သော် လေဘာပါတီသည် အခြားပါတီများနှင့် ညွန့်ပေါင်းအစိုးရဖွဲ့စည်းပြီး အုပ်ချုပ်စရာမလိုဘဲ တစ်ပါတီတည်းအုပ်ချုပ်ခွင့်ရသည်အထိ မဲရရှိနိုင်ခြေရှိမရှိကိုသာ စောင့်ကြည့်ရမည်ဖြစ်သည်။ နယူးဇီလန်၌ အချိုးကျကိုယ်စားပြုစနစ်စတင်ကျင့်သုံးခဲ့သည့် ၁၉၉၉ ခုနှစ်မှစ၍ မည်သည့်ပါတီကမျှ တစ်ပါတီတည်းဦးဆောင်သည့် အစိုးရအဖွဲ့ကို ဖွဲ့စည်းနိုင်ခြင်းမရှိခဲ့ချေ။

ဆန္ဒမဲ ရာခိုင်နှုန်း ၃၀ ကျော်ကို ရေတွက်ခဲ့ရာ လေဘာပါတီသည် ဆန္ဒမဲ ရာခိုင်နှုန်း ၅၀ ၊ ပြိုင်ဘက် အမျိုးသားရေးပါတီသည် ဆန္ဒမဲ ၂၆ ရာခိုင်နှုန်းနှင့် ဂရင်းပါတီသည် ဆန္ဒမဲ ၈ ရာခိုင်နှုန်းကို အသီးသီးရရှိထားကြောင်း ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ခဲ့သည်။

COVID-19 တိုက်ဖျက်ရေးကို ထိရောက်စွာလုပ်ဆောင်နိုင်ခဲ့သည့်အတွက် အာဒန်နှင့် ၎င်း၏ပါတီတို့ လူကြိုက်များခံနေရခြင်းဖြစ်ကြောင်း ပြောဆိုမှုများရှိနေသည်။ အာဒန်၏အဓိကပြိုင်ဘက်သည် အမျိုးသားရေးပါတီမှ ဂျူးဒစ်ကောလင်းဖြစ်သည်။

နယူးဇီလန်သားများသည် အထွေထွေရွေးကောက်ပွဲ၌ မဲပေးရမှုအပြင် ရောဂါကျွမ်းနေသူများအား ငြင်သာစွာဖြင့် အသက်ဓာတ်ဖြတ်တောက်သင့်မသင့်၊ ဆေးခြောက်သုံးစွဲမှုကို ဥပဒေဖြင့် အတည်ပြုသင့်မသင့်တို့နှင့်ပတ်သက်၍လည်း ပြည်သူ့ဆန္ဒခံယူပွဲတွင် မဲပေးကြရမည်ဖြစ်သည်။ ပြည်သူ့ဆန္ဒခံယူပွဲနှစ်ခု၏ရလဒ်များကို အောက်တိုဘာ ၃၀ ရက်တွင် ထုတ်ပြန်မည်ဖြစ်သည်။

နယူးဇီလန်၌ သုံးနှစ်လျှင် တစ်ကြိမ် အထွေထွေရွေးကောက်ပွဲကို ပြုလုပ်နေပြီး မဲဆန္ဒရှင်များသည် နှစ်သက်သည့်ပါတီနှင့် နှစ်သက်သည့် အမတ်လောင်းတို့ကို မဲပေးကြရသည်။ အစိုးရဖွဲ့နိုင်ရန်အတွက် ပါတီတစ်ခုသည် အမတ်နေရာ ၁၂၀ အနက် ၆၁ နေရာတွင် အနိုင်ရရှိရန် လိုအပ်သည်။

ရီလွင် ဘာသာပြန်သည်။