ဟောင်ကောင်အရေးလှုပ်ရှားသူ ဘွားဘွားဝေါင် တရုတ်၌ ၁၄ လ ထိန်းသိမ်းခံခဲ့ရ

ဟောင်ကောင်အရေးလှုပ်ရှားသူ ဘွားဘွားဝေါင် တရုတ်၌ ၁၄ လ ထိန်းသိမ်းခံခဲ့ရ

ဟောင်ကောင် အောက်တိုဘာ ၁၇ - ဟောင်ကောင်၌ ယမန်နှစ်တွင် ဖြစ်ပွားခဲ့သည့် ဒီမိုကရေစီအရေးဆန္ဒပြမှုများအတွင်း တက်ကြွစွာပါဝင်ခဲ့ပြီး ယမန်နှစ်အနှောင်းပိုင်းတွင် လူမြင်ကွင်းမှ ပျောက်ကွယ်ခဲ့သည့် ဘွားဘွားဝေါင်အမည်ရှိ ဆန္ဒပြသူတစ်ဦးသည် အောက်တိုဘာ ၁၇ ရက်တွင် လူမြင်ကွင်းသို့ ပြန်လည်ထွက်ပေါ်ခဲ့ပြီး ၎င်းသည် တရုတ်၌ ၁၄ လ အသွားအလာကန့်သတ်ခံခဲ့ရကြောင်း သတင်းစာရှင်းလင်းပြောဆိုခဲ့သည်။

ဟောင်ကောင်အရေးလှုပ်ရှားမှုမပြုတော့ပါဟု စာရေးသားကာ ဝန်ခံခဲ့ရပြီး ချုပ်နှောင်ခံရစဉ်တွင် နှိပ်စက်ညှဉ်းပန်းမခံခဲ့ရကြောင်း ကင်မရာရှေ့၌ ဝန်ခံခဲ့ရကာ မျိုးချစ်စိတ်တက်ကြွရေးခရီးစဉ်တစ်ခုကို မသွားမဖြစ်သွားခဲ့ရကြောင်း အလက်ဇန္ဒားဝေါင်က ပြောဆိုခဲ့သည်။

ဆန္ဒပြဖော်များက ဘွားဘွားဝေါင်ဟု ခေါ်ဆိုခဲ့ပြီး ဗြိတိန်အလံကို ဝှေ့ယမ်းကာ ဆန္ဒထုတ်ဖော်ခဲ့သည့် အသက် ၆၄ နှစ်အရွယ် ဝေါင်သည် ၂၀၁၉ ခုနှစ် ဇွန်တွင် စတင်ခဲ့သည့် ဒီမိုကရေစီအရေးဆန္ဒပြမှုအစောပိုင်းနေ့များတွင် တက်ကြွစွာပါဝင်ခဲ့သည်။

ဘွားဘွားဝေါင်သည် ယမန်နှစ် သြဂုတ်တွင် ပျောက်ဆုံးခဲ့သည်။ ဘွားဘွားဝေါင်သည် ဟောင်ကောင်နှင့်ထိစပ်နေသော ရှန်ကျန်း၌ နေထိုင်သူဖြစ်သည်။ ယမန်နှစ် သြဂုတ်တွင် ရှန်ကျန်းအာဏာပိုင်များက ၎င်းကို ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း ဝေါင်က ပြောဆိုခဲ့သည်။

၎င်းကို ရှန်ကျန်းအာဏာပိုင်များက ၄၅ ရက်ကြာ အုပ်ချုပ်ရေးအရ ချုပ်နှောင်ခဲ့ပြီး ယင်းနောက်တွင် ပြန်လွှတ်ပေးခဲ့သော်လည်း ရှန်းရှီခရိုင်၌ မျိုးချစ်စိတ်ဓာတ်ရှင်သန်ရေး ငါးရက်ခရီးစဉ်သွားခဲ့ရကြောင်း ဝေါင်ကပြောဆိုခဲ့သည်။ ခရီးစဉ်ပြီးနောက်တွင် အာဏာပိုင်များက ၎င်းအား ရုံးတင်စစ်ဆေးမှုမပြုမီတွင် အာမခံဖြင့် လွှတ်ပေးထားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ အာမခံဖြင့် လွတ်မြောက်ပြီး တစ်နှစ်အကြာတွင် ဝေါင်သည် ရှန်ကျန်းရှိ နေအိမ်သို့ ပြန်ခွင့်ရရှိခဲ့သော်လည်း ဟောင်ကောင်သို့ သွားရောက်ခွင့်မရခဲ့ချေ။ ယင်းတားမြစ်ချက်များသည် စက်တင်ဘာအကုန်ပိုင်းတွင် ပြီးဆုံးခဲ့သည်။

ရီလွင် ဘာသာပြန်သည်။