အင်းယားစင်တာ၌တက်ရောက်၍ဆေးကုသမှုခံယူနေသည့် COVID-19 အတည်ပြုလူနာများအနက် ရောဂါပြန်လည်သက်သာလာသဖြင့် သတ်မှတ်ချက်များနှင့်အညီ လူနာ ၁ဝ၁ ဦးအားအောက်တိုဘာ ၁၆ ရက်က ဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏လမ်းညွှန်မှု၊ ရန်ကုန်တိုင်းဒေသကြီး COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ၏အနီးကပ်ကြီးကြပ်ကွပ်ကဲမှုများဖြင့် အတည်ပြုလူနာ ၁ဝ၁ဦးအား ပထမအကြိမ်အဖြစ်ဆင်းခွင့်ပြုလိုက်ခြင်းဖြစ်သည်။
''ရောဂါပျောက်သွားတဲ့အတွက်အတော်ဝမ်းသာပါတယ်။ အခုဆင်းခွင့်ရပြီ။ အိမ်ပြန်တဲ့အခါကြတော့ကျွန်တော်တို့ကို ဆေးရုံဆင်းခွင့်လက်မှတ်ရယ်၊ ငါးသေတ္တာနှစ်ဘူး၊ မုန့်တွေနဲ့မုန့်ဖိုး ၅ဝ,ဝဝဝ ထည့်ပေးလိုက်ပါတယ်။ COVID-19 ရောဂါဖြစ်နေပြီလို့အဖြေထွက်ကတည်းက ဒီအင်းယားစင်တာကိုရောက်ရှိခဲ့တာပါ။ နေဖို့ထိုင်ဖို့စားဖို့သောက်ဖို့တွေအကုန်လုံးကို အစစအရာရာအဆင်ပြေအောင်စီစဉ်ပေးကြတဲ့သူတွေအကုန်လုံးကိုကျေးဇူးတင်ပါတယ်။ ပြန်ခါနီးမှာလည်းနှုတ်ဆက်တဲ့အစီအစဉ်လေးတွေလုပ်ပေးကြပါတယ်။ အိမ်ပြန်ရောက်ရင်လည်း Home Quarantine ခုနစ်ရက်ထပ်နေရမယ်လို့ ကျွန်တော်တို့ကိုညွှန်ကြားထားပါတယ်''ဟု COVID-19 ရောဂါခံစားခဲ့ရပြီး အင်းယားစင်တာသို့ရောက်ရှိလာခဲ့သည့် မင်္ဂလာဒုံမြို့နယ်နေ ကိုရှိုင်းသူက ပြောသည်။
ထို့ပြင် အင်းယားစင်တာ၌တာဝန်ထမ်းဆောင်နေကြသည့် ဆရာဝန်များ၊သူနာပြုများ၊ စေတနာ့ဝန်ထမ်းများနှင့် COVID-19 ရောဂါခံစားနေရသူများအား အဆိုတော်များဖြစ်သည့် Rဇာနည်၊မီမီဝင်းဖေ၊ ကော်နီ၊ တင်ဇာမော်၊ ချောစုခင်၊ ဆုန်သင်းပါရ်တို့မှလည်း အင်းယားစင်တာ Clean Zone များမှတစ်ဆင့် အားပေးစကားများပြောကြားခဲ့ကြပြီး တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။
















