မဲဆောက်မြို့ရှိ မြန်မာလုပ်သားငါးဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့မှုနှင့်အတူမြဝတီမြို့ရှိ မြန်မာ-ထိုင်းအမှတ်(၂)တံတားကြီးအား တစ်ပတ်ပိတ်ထားမည်ဖြစ်ကြောင်းအောက်တိုဘာ ၁၇ ရက်က ထိုင်းဘက်မှ အရေးပေါ်အစည်းအဝေးပြုလုပ်ပြီး တရားဝင်ထုတ်ပြန်လိုက်ကြောင်း သိရသည်။
အဆိုပါအရေးပေါ်အစည်းအဝေး၌ ပြီးခဲ့သည့်ရက်ပိုင်းက မဲဆောက်မြို့တွင်း၌ ကိုဗစ်ပိုးအခမဲ့စစ်ဆေးပေးချိန်တွင် မြန်မာမိသားစုဝင်များ လာရောက်စစ်ဆေးခဲ့ကြပြီး ထိုင်းဘက်ခြမ်း၌ ကားပစ္စည်းဝယ်/ရောင်းလုပ်ကိုင်နေသည့် မြန်မာနှစ်ဦးတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ကာ၎င်းနှင့် ၎င်း၏မိဘများနေထိုင်သည့် မဲဆောက်မြို့ရှိ အိမ်နီးခြင်း ကိုးဦးအား ခေါ်ယူစစ်ဆေးရာတွင် နောက်ထပ်သုံးဦး၌ ကိုဗစ်ပိုးထပ်မံတွေ့ရှိရသည့်အတွက် မြန်မာစုစုပေါင်းငါးဦးတွင်ကိုဗစ်ပိုးတွေ့ရှိခဲ့သည်။
သောင်းရင်းမြစ်ဖြတ် စက်လှေဂိတ်အပါအဝင် မြန်မာ-ထိုင်း ကုန်သွယ်ရေးအသုံးပြုလျက်ရှိသည့်မြန်မာ/ထိုင်း ချစ်ကြည်ရေးတံတားအမှတ်(၂)ကိုလည်း အမြန်ဆုံးပိတ်နိုင်ရေးကို အောက်တိုဘာ ၁၈ ရက်(သို့) အောက်တိုဘာ ၁၉ ရက်နေ့တွင် တစ်ပါတ်တိတိ ယာယီပိတ်သွားမည်ဖြစ်ကြောင်းအဆိုပါအရေးပေါ် အစည်းအဝေးတွင် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်အုပ်ချုပ်ရေးမှူး Mr.PONGRAT. PIROMRAT က ပြောကြားခဲ့သည်။
''ကျွန်တော်တို့ဘက်က, သူတို့ဘက်ကနေ တံတားကြီးတစ်ပါတ်ပိတ်ဖို့ ကြားမိကြောင်းဆက်သွယ်မေးမြန်းတော့ သူတို့ကဟုတ်တယ်လို့ ပြောတယ်။ ကျွန်တော်တို့ဘက်က အထက်ကိုတင်ပြပြီး သူတို့ပိတ်သလို ပိတ်လို့ရပါတယ်။ သူတစ်ပါတ်ပိတ်မယ်ဆို ကိုယ်လည်းတစ်ပါတ်ပေါ့။ ဒါပေမယ့် ကျွန်တော်တို့ဘက်က ပိတ်ရင်လွယ်ပေမယ့် ဖွင့်ဖို့ကျတော့ ချက်ချင်းပြန်ဖွင့်ဖို့မလွယ်ဘူး။ အထက်ကညွှန်ကြားချက်ကို စောင့်ရသေးတယ်၊ သူတို့ဘက်ကလို ခုပိတ်၊ခုပြန်ဖွင့်လို့မရဘူး၊ ဒါကြောင့် ကျွန်တော်က သုံးရက်အချိန်ပေးပါလို့ တောင်းဆိုထားပါတယ်''ဟု မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောသည်။
















