မလေးရှားနိုင်ငံ၌ အောက်တိုဘာ ၁၇ ရက်တွင် COVID-19 ကူးစက်သူသစ် ၈၆၉ ဦးရှိခဲ့ပြီး ယင်းသည် တစ်ရက်အတွင်း ကူးစက်သူသစ်စံချိန်တင်ရှိခဲ့ခြင်းဖြစ်ကြောင်း ကျန်းမာရေးအာဏာပိုင်များက ပြောဆိုခဲ့သည်။
ကူးစက်သူသစ်အကုန်လုံးသည် ပြည်တွင်းကူးစက်သူများဖြစ်ကြပြီး ၇၄၅ ဦးသည် မလေးရှားနိုင်ငံသားများဖြစ်ကြကာ ၁၂၄ ဦးသည် နိုင်ငံခြားသားများဖြစ်ကြကြောင်း ကျန်းမာရေးဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ် နူး ဟီရှမ် အဗ္ဗဒူလာကပြောဆိုခဲ့သည်။
ကူးစက်သူသစ်အများစုသည် ဆာဘားပြည်နယ်မှဖြစ်ကြပြီး အောက်တိုဘာ ၁၇ ရက်အထိ ၂၄ နာရီအတွင်း ၄၅၁ ဦးရှိခဲ့သည်။ အောက်တိုဘာ ၁၇ ရက်တွင် သေဆုံးသူသစ်လေးဦးရှိခဲ့သောကြောင့် သေဆုံးသူစုစုပေါင်း ၁၈၀ ရှိနေပြီဖြစ်သည်။
မလေးရှား၌ အောက်တိုဘာ ၁၆ ရက်တွင် COVID-19 ကူးစက်သူသစ် ၆၂၉ ဦးရှိခဲ့သည်။ မကြာသေးမီရက်များအတွင်း ကူးစက်သူသစ်ဦးရေ မြင့်တက်လာခဲ့ပြီးနောက် မလေးရှား၌ ယခုလအတွင်း ကူးစက်သူများစွာရှိသည့် နေရာများ၌ ကူးသန်းသွားလာမှုပိတ်ပင်ချက်များ ချမှတ်ခဲ့သည်။ ကွာလာလန်ပူ၊ ဆီလန်ဂါနှင့် ပုတြာဇယတို့၌ အောက်တိုဘာ ၂၇ ရက်အထိ အသွားအလာကန့်သတ်မှုစည်းမျဉ်း သက်ရောက်မှုရှိမည်ဖြစ်သည်။
မလေးရှား၌ COVID-19 ကူးစက်သူ ၁၉၆၂၇ ဦးရှိနေသည်။ လူနာ ၉၁ ဦးသည် အထူးကြပ်မတ်ကုသဆောင်၌ ကုသမှုခံယူနေရပြီး ၎င်းတို့အနက် ၃၀ သည် အသက်ရှူအကူစက်ဖြင့် နေထိုင်နေရသည်။

















