ကမ္ဘာတစ်ဝန်း အောက်တိုဘာ ၁၇ ရက်တွင် COVID-19 ကူးစက်သူသစ် ၄၀၀၀၀၀ ကျော်ဖြင့် တစ်ရက်အတွင်း ကူးစက်သူသစ်စံချိန်တင်ရှိခဲ့ကြောင်း ရိုက်တာသတင်းဌာန၏စာရင်းအင်းများအရသိရသည်။
COVID-19 ကူးစက်မှု ပထမလှိုင်းကို အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့သည့် ဥရောပသည် မကြာသေးမီရက်သတ္တပတ်များတွင် ကူးစက်မှုဗဟိုချက်ပြန်ဖြစ်လာခဲ့သည်။
လွန်ခဲ့သောအပတ်တွင် ဥရောပ၌ တစ်ရက်လျှင် ကူးစက်သူသစ် ၁၄၀၀၀၀ ခန့်ရှိခဲ့သည်။
နေ့စဉ်ကူးစက်သူသစ်ဦးရေတွင် ဒေသတစ်ခုလုံးအနေဖြင့် ဥရောပသည် အိန္ဒိယ၊ ဘရာဇီးနှင့် အမေရိကန်ပြည်ထောင်စုတို့ထက် ပိုမိုများပြားနေသည်။
ကမ္ဘာတစ်ဝန်းကူးစက်သူ ၁၀၀ အနက် ၃၄ ဦးသည် ဥရောပနိုင်ငံများမှဖြစ်ကြောင်း ရိုက်တာ၏စာရင်းအင်းများတွင်ဖော်ပြထားသည်။
ဥရောပ၌ မကြာသေးမီရက်များအတွင်း ကိုးရက်လျှင် ကူးစက်သူသစ် တစ်သန်းခန့်ရှိနေပြီး ကူးစက်မှုစတင်ချိန်မှစ၍ ကူးစက်သူ ၆ ဒသမ ၃ သန်းကျော်ရှိနေပြီဖြစ်သည်။
အောက်တိုဘာ ၁၈ ရက်အထိ ရက်သတ္တပတ်တစ်ပတ်အတွင်း ဥရောပရှိ ကူးစက်သူသစ်များအနက် ထက်ဝက်သည် ဗြိတိန်၊ ပြင်သစ်၊ ရုရှား၊ နယ်သာလန်နှင့် စပိန်တို့မှဖြစ်သည်။
ပြင်သစ်၌ ခုနစ်ရက်ဆက်တိုက် ကူးစက်သူသစ်ဦးရေ မြင့်တက်နေပြီး တစ်ရက်လျှင် ပျမ်းမျှကူးစက်သူသစ် ၁၈၄၂၅ ဦးခန့်ရှိနေသည်။
လက်တင်အမေရိကဒေသသည် ကူးစက်မှုဒဏ်ကို အဆိုးရွားဆုံးခံနေရသည့် ဒေသဖြစ်ပြီး ကမ္ဘာတစ်ဝန်း ကူးစက်သူစုစုပေါင်း၏ ၂၇ ရာခိုင်နှုန်းရှိနေကာ ယင်းနောက်တွင် အာရှ၊ မြောက်အမေရိကနှင့် ဥရောပတို့က အသီးသီးရပ်တည်နေကြောင်း ရိုက်တာ၏လေ့လာမှုအရသိရသည်။
COVID-19 ကာကွယ်ဆေးထုတ်လုပ်မှုတွင်လည်း အတားအဆီးများရှိနေသည်။
Johnson & Johnson သည် အလေ့လာခံတစ်ဦး နေထိုင်မကောင်းဖြစ်ခဲ့ပြီးနောက် ကာကွယ်ဆေးစမ်းသပ်မှုကို ရပ်ဆိုင်းထားရပြီး AstraZeneca သည်လည်း အမေရိကန်ပြည်ထောင်စုရှိ စမ်းသပ်မှုကို တစ်လကျော်ကြာ ရပ်နားထားရသည်။

















