သုံးပတ်အတွင်း အစိုးရဖွဲ့မည်ဖြစ်ကြောင်း ရွေးကောက်ပွဲအနိုင်ရ နယူးဇီလန်ဝန်ကြီးချုပ် ပြော

သုံးပတ်အတွင်း အစိုးရဖွဲ့မည်ဖြစ်ကြောင်း ရွေးကောက်ပွဲအနိုင်ရ နယူးဇီလန်ဝန်ကြီးချုပ် ပြော

ရက်သတ္တပတ်သုံးပတ်အတွင်း အစိုးရဖွဲ့မည်ဖြစ်ကြောင်း အောက်တိုဘာ ၁၇ ရက်တွင် ပြုလုပ်ခဲ့သည့် နယူးဇီလန်အထွေထွေရွေးကောက်ပွဲ၌ အနိုင်ရရှိခဲ့သည့် လေဘာပါတီ၏ခေါင်းဆောင် လက်ရှိဝန်ကြီးချုပ် ဂျာဆင်ဒါ အာဒန်က အောက်တိုဘာ ၁၈ ရက်တွင် ပြောဆိုခဲ့သည်။

အမတ်နေရာ ၁၂၀ အနက် ၆၄ နေရာကို လေဘာပါတီရရှိခဲ့သည်။ လေဘာပါတီသည် အမတ်နေရာအများစုကိုရရှိခဲ့သောကြောင့် နယူးဇီလန်၌ အချိုးကျကိုယ်စားပြုစနစ်စတင်ကျင့်သုံးသည့် ၁၉၉၆ ခုနှစ်မှစ၍ ပထမဆုံးအကြိမ်အဖြစ် တစ်ပါတီတည်းဦးဆောင်သော အစိုးရကို ဖွဲ့စည်းနိုင်မည်ဖြစ်သည်။

လွန်ခဲ့သော သုံးနှစ်တွင် အာဒန်သည် ဂရင်းပါတီ၊ အမျိုးသားရေးဝါဒီ နယူးဇီလန်ပထမပါတီတို့နှင့် ညွန့်ပေါင်းအစိုးရဖွဲ့ကာ အုပ်ချုပ်ခဲ့သည်။

အာဒန်သည် မဟာမိတ်ပါတီများကို မလိုအပ်တော့သော်လည်း ပါတီများသည် ဘုံသဘောတူညီမှုကိုရယူတတ်သည့် ဓလေ့ရှိသောကြောင့် ညွန့်ပေါင်းအစိုးရသည်သာ စံနှုန်းဖြစ်နေသည်။

ဂရင်းပါတီနှင့် လာမည့်အပတ်တွင် ဆွေးနွေးမည်ဖြစ်ကြောင်း အာဒန်ကပြောဆိုခဲ့သည်။

ဂရင်းပါတီသည် ဆန္ဒမဲ ၇ ဒသမ ၆ ရာခိုင်နှုန်းရရှိခဲ့သော်လည်း နယူးဇီလန်ပထမပါတီမှာမူ လွှတ်တော်တွင်း ပြန်လည်ပါဝင်နိုင်လောက်သည်အထိ ဆန္ဒမဲရရှိခြင်းမရှိခဲ့ချေ။

နယူးဇီလန်လူဦးရေ၏ ၁၅ ရာခိုင်နှုန်းဖြစ်သည့် တိုင်းရင်းသားမျိုးနွယ်စုများကို ကိုယ်စားပြုသော မော်ရီပါတီသည်လည်း လွှတ်တော်၌ ပြန်လည်ပါဝင်လာမည်ဖြစ်သည်။

ခရိုက်ချပ်ရှိ ဗလီနှစ်ခုကို ဝင်ရောက်ပစ်ခတ်မှုကြောင့် လူ ၅၁ ဦးသေဆုံးမှု၊ မီးတောင်ပေါက်ကွဲမှုနှင့် COVID-19 ကူးစက်မှုတို့ကို ကောင်းမွန်စွာ ကိုင်တွယ်ခဲ့သည့်အတွက် အာဒန်သည် လူကြိုက်များခံခဲ့ရသည်။

အသက် ၄၀ နှစ်အရွယ် အာဒန်သည် COVID-19 ကူးစက်ရောဂါတိုက်ဖျက်ရေးကို ထိရောက်စွာလုပ်ဆောင်ခဲ့သည့်အတွက် ချီးကျူးခံနေရသည်။

နယူးဇီလန်၌ COVID-19 ကူးစက်သူ ၁၅၀၀ ခန့်နှင့် သေဆုံးသူ ၂၅ ဦးရှိနေသည်။

နယူးဇီလန်၌ အောက်တိုဘာ ၁၈ ရက်တွင် ကူးစက်သူသစ်တစ်ဦးရှိခဲ့သော်လည်း အတည်ပြုလူနာကို စောစီးစွာတွေ့ရှိခဲ့ပြီး သီးခြားထားရှိကာ ကုသမှုများပြုလုပ်ပေးနေသောကြောင့် ကူးစက်မှုအန္တရာယ်မရှိတော့ကြောင်း ကျန်းမာရေးအာဏာပိုင်များကပြောဆိုခဲ့သည်။