တရုတ်ရှိ အမေရိကန်နိုင်ငံသားများကို ဖမ်းဆီးနိုင်ခြေရှိနေကြောင်း တရုတ်အစိုးရ ခြိမ်းခြောက်

တရုတ်ရှိ အမေရိကန်နိုင်ငံသားများကို ဖမ်းဆီးနိုင်ခြေရှိနေကြောင်း တရုတ်အစိုးရ ခြိမ်းခြောက်

တရုတ်စစ်တပ်နှင့်ပတ်သက်မှုရှိသော ပညာရှင်များကို အမေရိကန်တရားရေးဝန်ကြီးဌာနက ဖမ်းဆီးအပြစ်ပေးနေမှုကို တုံ့ပြန်သည့်အနေဖြင့် တရုတ်နိုင်ငံရှိ အမေရိကန်နိုင်ငံသားများကို ဖမ်းဆီးနိုင်ခြေရှိနေကြောင်း တရုတ်အစိုးရက သတိပေးလိုက်ပြီဖြစ်သည်ဟု ဝေါစထရိဂျာနယ်သတင်းစာက အောက်တိုဘာ ၁၇ ရက်တွင် ဖော်ပြခဲ့သည်။

တရုတ်အစိုးရအရာရှိများသည် နည်းလမ်းမျိုးစုံအသုံးချပြီး အမေရိကန်အစိုးရအစိုးရအရာရှိများအား သတိပေးခဲ့ပြီးဖြစ်ကြောင်း သတင်းစာက အမည်မဖော်လိုသည့် သတင်းအရင်းအမြစ်များကို ကိုးကားဖော်ပြခဲ့သည်။

အမေရိကန်ပြည်ထောင်စုအနေဖြင့် တရားရုံးများမှတစ်ဆင့် တရုတ်ပညာရှင်များကို အပြစ်ပေးနေမှုကို ရပ်တန်းကရပ်သင့်ပြီး မဟုတ်ပါက တရုတ်ရှိ အမေရိကန်များသည်လည်း တရုတ်ဥပဒေများချိုးဖောက်မှုဖြင့် အပြစ်ပေးခံရမည်ဖြစ်ကြောင်း တရုတ်က သတင်းစကားပါးလိုက်ခြင်းဖြစ်သည်ဟု သတင်းစာကဖော်ပြခဲ့သည်။

တရုတ်အစိုးရသည် အကြောင်းပြချက်ခိုင်ခိုင်မာမာမရှိဘဲ ဖမ်းဆီးချုပ်နှောင်နေပြီး နိုင်ငံခြားအစိုးရများအပေါ် အသာစီးရစေရန်အတွက် အမေရိကန်ပြည်သူများနှင့် အခြားနိုင်ငံသားများကို နိုင်ငံတွင်းမှ ထွက်ခွာခွင့်ပိတ်ပင်နိုင်ခြေရှိနေသဖြင့် တရုတ်သို့ခရီးသွားမှုကို မလုပ်ဆောင်သင့်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၄ ရက်တွင် သတိပေးချက်ထုတ်ပြန်ခဲ့သည်။

အမေရိကန်ပြည်ထောင်စုရှိ နည်းပညာ၊ စစ်ဘက်ဆိုင်ရာနှင့် အခြားတတ်သိပညာများကို ခိုးယူရန်အတွက် တရုတ်သည် ဆိုက်ဘာတိုက်ခိုက်မှု၊ သူလျှိုမှုများကို ကျူးလွန်နေကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏အစိုးရက မကြာခဏပြောဆိုခဲ့သည်။ စွပ်စွဲချက်များ မှန်ကန်ခြင်းမရှိကြောင်း တရုတ်အစိုးရက ပြန်လည်ဖြေရှင်းထားသည်။

အမေရိကန်ပညာရပ်ဆိုင်ရာအဖွဲ့အစည်းများ၌ သုတေသနပြုခွင့်ရရှိရေးအတွက် ဗီဇာလျှောက်ထားရာတွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၌ ပါဝင်ထားခြင်းကို ဖုံးကွယ်ထားမှုဖြင့် တရုတ်နိုင်ငံသားသုံးဦးကို အက်ဖ်ဘီအိုင်က ဖမ်းဆီးခဲ့ကြောင်း တရားရေးဝန်ကြီးဌာနက ဇူလိုင်တွင် ထုတ်ပြန်ခဲ့သည်။

အမေရိကန်ပြည်ထောင်စုအတွက် လုံခြုံရေးအန္တရာယ်ရှိသူများအဖြစ် သတ်မှတ်ထားသူများကို ပြည်ဝင်ခွင့်ပိတ်ပင်ရန် သမ္မတက ညွှန်ကြားချက်ထုတ်ထားမှုအရ အမေရိကန်အာဏာပိုင်များသည် တရုတ်နိုင်ငံသား ၁၀၀၀ ကျော်တို့၏ဗီဇာများကို လွန်ခဲ့သောလတွင် ရုပ်သိမ်းခဲ့ပြီးဖြစ်သည်။