အင်းယားစင်တာ၌ တက်ရောက်ကုသမှုခံယူနေသူများအနက် ၃ဝ၈ ဦးခန့် ဆင်းခွင့်ရပြီဖြစ်

အင်းယားစင်တာ၌ တက်ရောက်ကုသမှုခံယူနေသူများအနက် ၃ဝ၈ ဦးခန့် ဆင်းခွင့်ရပြီဖြစ်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ ရန်ကုန်ကွန်ဗန်းရှင်းစင်တာ၌ဆောက်လုပ်ထားသည့် COVID-19 အတည်ပြုလူနာများအား ကုသပေးနေသောအင်းယားစင်တာတွင် တက်ရောက်ကုသမှုခံယူနေသူများအနက် အောက်တိုဘာ ၁၈ ရက်အထိ ဆင်းခွင့်ရသူ ၃ဝ၈ ဦးရှိကြောင်း သိရသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏လမ်းညွှန်မှု၊ ရန်ကုန်တိုင်းဒေသကြီး COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ၏အနီးကပ်ကြီးကြပ်ကွပ်ကဲမှုတို့ဖြင့် ရောဂါပြန်လည်သက်သာလာသူများအားနေအိမ်သို့ပြန်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ထိုသို့နေအိမ်ပြန်ခွင့်ပြုရာတွင် အောက်တိုဘာ ၁၆ ရက်က ၁ဝ၁ ဦး၊ အောက်တိုဘာ ၁၇ ရက်က ၁၈၂ ဦးနှင့် အောက်တိုဘာ ၁၈ ရက်က ၂၅ ဦး စုစုပေါင်း ၃ဝ၈ ဦးအား ဆင်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။

''ဆင်းခွင့်ရတဲ့သူတွေအကုန်လုံးက ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့သတ်မှတ်ချက်တွေနဲ့ကိုက်ညီလို့ ဆင်းခွင့်ပြုလိုက်တာပါ၊ စင်တာကနေဆင်းခွင့်ရခဲ့ပေမဲ့လည်း သူတို့တွေက အိမ်မှာ Home Quarantine ခုနစ်ရက်ထပ်နေရပါမယ်။ ဆင်းခွင့်ရသူအကုန်လုံးကို ရောဂါပိုးကင်းစင်ကြောင်း အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခဲ့ပါတယ်၊ အကုန်လုံးကို စင်တာကနေ သေချာစီစစ်ပြီးသူတို့ရဲ့ သက်ဆိုင်ရာမြို့နယ်အလိုက် နေအိမ်အထိလိုက်ပို့ပေးခဲ့သလို လိုအပ်တာသုံးဖို့အတွက် ငွေကျပ် ၅ဝ,ဝဝဝ၊ ငါးသေတ္တာဗူးကြီးနှစ်ဗူးနဲ့ မုန့်တွေလည်းထည့်ပေးလိုက်ပါတယ်''ဟု အင်းယားစင်တာမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့်ကိုဇော်ရဲနောင်က ပြောသည်။<

လက်ရှိအချိန်၌ အင်းယားစင်တာ၌ COVID-19 အတည်ပြုလူနာ ၅၄၇ ဦးအား လက်ခံကုသပေးခဲ့ရာမှ ၃ဝ၈ ဦးသည် ရောဂါပြန်လည်သက်သာလာသဖြင့်စင်တာမှဆင်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး