မဲဆောက်-မြဝတီ ကုန်သွယ်ရေး ပိတ်ပင်မှု ပြည်တွင်းစျေးကွက်ကို အကျိုးသက်ရောက်လာနိုင်

မဲဆောက်-မြဝတီ ကုန်သွယ်ရေး ပိတ်ပင်မှု ပြည်တွင်းစျေးကွက်ကို အကျိုးသက်ရောက်လာနိုင်

ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ် မဲဆောက်-မြဝတီ ကုန်သွယ်မှုကိုထိုင်းဘက်က ပိတ်လိုက်ပြီ ဖြစ်ရာရေရှည်ဆိုပါက ပြည်တွင်းဈေးကွက်ကို အကျိုးသက်ရောက်မှု ရှိလာနိုင်ကြောင်း ပြည်တွင်းစားသောက်ကုန် ဖြန့်ချိနေသည့်လုပ်ငန်းရှင်များက ပြောသည်။

မဲဆောက်မြို့တွင် COVID-19 ပိုးကူးစက်ခံရသူများ တွေ့ရှိပြီးနောက်မြဝတီ နယ်စပ်တံတား အမှတ် (၂)နှင့် နယ်စပ် လမ်းကြောင်းများကိုအောက်တိုဘာ ၁၈ ရက်မှ စ၍ ၇ ရက်ခန့် ထိုင်းအစိုးရက ပိတ်လိုက်ခြင်းဖြစ်သည်။

''ရက်ရှည် သွားတယ်ဆိုရင်အကျိုးသက်ရောက်မှုက သိသိသာသာ ဖြစ်လာမယ်။ လောလောဆယ် ချက်ချင်းကတော့ အကျိုးသက်ရောက်မှု မရှိနိုင်သေးဘူး။ ဒါပေမဲ့ နှစ်ပတ်ကျော်ရင်တော့ ဒီအကျိုးသက်ရောက်မှုကမြင်လာရမယ့် သဘောတော့ ရှိတာပေါ့''ဟု မြန်မာနိုင်ငံ လက်လီရောင်းချသူများ အသင်း ဥက္ကဌ ဦးသူရိန်ငြိမ်းကပြောသည်။

ပြည်တွင်း စားသုံးသူများသည်လည်း COVID-19 ကာလအတွင်းအခြေခံစားသောက်ကုန်ကိုသာဦးစားပေး ဝယ်ယူနေသည့်အတွက် လတ်တလောအထိ သက်ရောက်မှု မရှိနိုင်သေးကြောင်း ၎င်းက ဆိုသည်။

စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းအချို့ကို ပြည်တွင်းမှ ထုတ်လုပ်လာနိုင်သည့် အချက်ကြောင့်လည်းစားသုံးသူများအနေဖြင့် ဈေးကွက်တွင်ရှိသော ကုန်စည်ကိုသာ ဝယ်ယူကြမည့် အနေအထား ဖြစ်သည်။

ဆပ်ပြာဖျော်ရည်၊ အချိုရည်များနှင့် အခြား စားသောက်ကုန်များကိုထိုင်းနိုင်ငံထုတ် ဖြစ်စေ၊ တခြားနိုင်ငံထုက် ကုန်စည်ဖြစ်စေ၊ ထိုင်းနယ်စပ်မှတစ်ဆင့် မြန်မာနိုင်ငံသို့ တင်သွင်းလျက်ရှိသည်ဟု လုပ်ငန်းရှင်များကဆိုသည်။အဖျော်ယမကာက@နှင့် ပတ်သက်၍လည်း နယ်စပ်ထက် သင်္ဘောဖြင့်တင်သွင်းမှုသာ အများဆုံးဆောင်ရွက်ထားကြောင်း၊ အဖျော်ယမကာကဏ္ဍတွင် ပါဝင်သည့် အခြားအချိုရည်နှင့်စားသောက်ကုန်ကဏ္ဍများအပေါ်တွင် အကျိုးသက်ရောက်မှုရှိလာနိုင်သည်ဟု မြန်မာနိုင်ငံ အဖျော်ယမကာ လုပ်ငန်းရှင်များ အသင်းမှတာဝန်ရှိသူ ဦးမျိုးမင်းအောင်ကသုံးသပ်သည်။

''တစ်ရက် နှစ်ရက်က မသိသာပေမယ့် လေးငါးရက်လောက် ပိတ်တယ်ဆိုရင် နည်းနည်းလေး ဈေးကွက်မှာစပြီး ထိခိုက်မှုတွေ ဖြစ်လာနိုင်တယ်။တစ်ပတ်လောက်ဆိုရင် ထိလာနိုင်တယ်''ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ ဘက်ခြမ်းမှလည်းပြည်နယ်အစိုးရ အဖွဲ့မှတစ်ဆင့်ပြည်ထောင်စုသို့ ဆက်လက် အစီရင်ခံတင်ပြထားပြီး ထိုင်းနိုင်ငံဘက်မှပုံမှန်ကုန်သွယ်မှု ပြန်လည် ဆောင်ရွက်လိုကြောင်း အဆိုပြုလာလျှင် အဆင့်ဆင့်တင်ပြခွင့်ပြုချက် ရယူဆောင်ရွက်ရမည်ဖြစ်ကြောင်း မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။

မြဝတီ ကုန်သွယ်ရေး စခန်းသည်နယ်စပ် ကုန်သွယ်ရေးစခန်းများအနက်တတိယအများဆုံး ကုန်သွယ်မှုပြုလုပ်နေသည့် နေရာဖြစ်ပြီး ၂ဝ၁၉-၂ဝ ဘဏ္ဍာနှစ် သြဂုတ်လအထိ ပို့ကုန်အမေရိကန် ဒေါ်လာ ၃၅၉ သန်းကျော်နှင့် သွင်းကုန် အမေရိကန်ဒေါ်လာ ၇၆၁ သန်းကျော် ရရှိခဲ့ပြီး စုစုပေါင်းကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလျံကျော် ပြုလုပ်ထားနိုင်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကဖော်ပြထားသည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် COVID-19 ပိုး တွေ့ရှိသူ ငါးဦးရှိပြီးနောက် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများကို ပိတ်ပင်လိုက်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံဘက်ခြမ်းမြဝတီတွင်လည်း COVID-19 ပိုး တွေ့ရှိသူ ၄၁ ဦးအထိ ရှိနေကာ ၁၄ ဦး ဆေးရုံမှဆင်းခွင့်ရပြီး တစ်ဦးသေဆုံးခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး