မြန်မာ-ထိုင်းနယ်စပ် အမှတ်(၂)တံတားအား အောက်တိုဘာ ၂၅ ရက်အထိ ကုန်သွယ်မှုပိတ်

မြန်မာ-ထိုင်းနယ်စပ် အမှတ်(၂)တံတားအား အောက်တိုဘာ ၂၅ ရက်အထိ ကုန်သွယ်မှုပိတ်

မြန်မာ-ထိုင်းအမှတ်(၂)တံတားကြီးအား အောက်တိုဘာ ၁၈ ရက် ညနေ ၃ နာရီကစတင်၍ ထိုင်းနိုင်ငံဘက်ခြမ်းမှ နှစ်နိုင်ငံကုန်သွယ်မှုကို အောက်တိုဘာ ၂၅ ရက်အထိ ယာယီပိတ်သိမ်းလိုက်ကြောင်း သိရသည်။

''ကျွန်တော်တို့က ထိုင်းဘက်ကကုန်ပစ္စည်းတွေကို မှာယူထားတာကားတွေပေါ်တင်ပြီးကုန်ပြီ၊ အဲဒါဒီနေ့ညနေ ၃ နာရီမှာ တံတားပိတ်မယ်ဆိုတော့ ထိုင်းကုန်တွေကို ညနေ ၃ နာရီအမီ မြန်မာဘက်ခြမ်းကို အမြန်ဆုံး သယ်ဆောင်ရမှာဖြစ်တဲ့အတွက်ဘယ်လိုမှအဆင်မပြေဘူး။ တင်ထားတဲ့ကုန်တွေ အချိန်မမီရင် ပြန်လှည့်ရမှာဖြစ်တော့ ပစ္စည်းတွေ ထိုင်းဘက်ပြန်သယ်သွားရင် အခက်အခဲတွေအများကြီး ဖြစ်ကုန်တော့မှာပေါ့'' ဟုထိုင်းကုန်စည်များတင်သွင်းနေသည့်မြန်မာလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

အဆိုပါသတင်းကြောင့် အောက်တိုဘာ ၁၈ ရက်တွင် ထိုင်းဘက်ခြမ်းမှကုန်တင်ယာဉ်များမှာ အဆမတန်များပြားစွာဖြင့်မြန်မာဘက်ခြမ်းသို့ ဝင်ရောက်လာကြောင်း တွေ့ရသည်။

''အဓိကဖြစ်တာက သူတို့ဘက်ခြမ်းမှာ မြန်မာငါးဦးကို COVID-19 ပိုးစစ်ပေးရာကနေတွေ့ရှိပြီး ထိုင်းပြည်သူတွေက သူတို့ဆီမြန်မာတွေဝင်ရောက်လာရင် ရောဂါကူးစက်မှာစိုးရိမ်ပြီး မြန်မာတွေဝင်မလာအောင် တံတားပိတ်ပေးဖို့ ထိုင်းအစိုးရကို ဆန္ဒပြတောင်းဆိုတာကြောင့် အောက်တိုဘာ ၁၇ ရက်မှာ တာ့ခ်ခရိုင်အုပ်ချုပ်ရေးမှူး၊ထိုင်းရဲတပ်ဖွဲ့၊ ထိုင်းစစ်တပ်တို့ အရေးပေါ်အစည်းအဝေးလုပ်ပြီး ပိတ်တာဖြစ်ပါတယ်။ အောက်တိုဘာ ၂၅ ရက်နေ့အထိ ပိတ်ထားမယ်လို့သိရပြီး ထိုင်းပြန်မြန်မာအလုပ်သမားတွေကိုတော့ တံတားပေါ်ကနေ ပြန်လည်ဝင်ရောက်ခွင့်ပြုသွားမှာပါ။ ကုန်စည်သယ်ဆောင်မှုကိုသာပိတ်တာဖြစ်ပါတယ်'' ဟုမြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောသည်။

အောက်တိုဘာ ၂၅ ရက်တွင်ပြန်လည်ဖွင့်လှစ်ရန်ရှိမရှိနှင့် ပတ်သက်၍ စောင့်ကြည့်ရမည်ဖြစ်ကြောင်း နှစ်နိုင်ငံကုန်သည်များက ပြောဆိုနေကြသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး