ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်အတွင်း ရေကြည်မြို့နယ် အသုတ်မြို့မှ NLD အောင်နိုင်ရေးယာဉ်တန်း လှည့်လည်စဉ် မှန်လုံယာဉ်နင်းမိပြီး အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။
၂၀၂၀ ခုနှစ် အောက်တိုဘာ ၁၈ ရက် ညနေ ၄ နာရီအချိန် ကျုံပျော်မြို့မရဲစခန်းမှ ဒုရဲအုပ် ဂျူလိုင်သင်း တာဝန်မှူးတာဝန်ဆောင်ရွက်နေစဉ် ပျဉ်းကတိုးကုန်းအုပ်စု ကိုင်းတောကွင်းကျေးရွာ ဘုန်းကြီးကျောင်းလမ်းထိပ်တွင်အမျိုးသမီးတစ်ဦးကားကြိတ်ခံရသည်ဟု သတင်းပေးချက်အရ ဒုရဲအုပ် ကျော်သန်းလွင် မှသက်သေများနှင့်အတူ အခင်းဖြစ်ရပ်သို့ရောက်ရှိစစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ သုံးခွလမ်းဆုံဘက်မှကျုံပျော်မြို့ဘက်သို့ NLD ပါတီ အောင်နိုင်ရေးစီတန်းလှည့်လည်ရာတွင်လိုက်ပါလာသော မော်တော်ဆိုင်ကယ်အမှတ် ၅၄ယ/...... Honda Wave-100 အမျိုးအစား အဖြူရောင်ယာဉ်အား လမ်းမတော်လမ်း အမှတ်(၁)ရပ်ကွက် ရေကြည်မြို့နယ် အသုတ်မြို့နေ မခင်မျိုးသက် (၃၈)နှစ် ကမောင်းနှင်ပြီး ဆိုင်ကယ်နောက်မှ၎င်းနှင့်တစ်ရပ်ကွက်တည်းနေ ;ကိုသန်းဦး ၄၃ နှစ် လိုက်ပါစီးနှင်းလာရာ ကျုံပျော်မြို့နယ်ကိုင်းတောကွင်းကျေးရွာ ဘုန်းကြီးကျောင်းလမ်းထိပ်ဘက်သို့အရောက်တွင် ရှေ့မှယာဉ်မောင်း စိုးလင်းထက် မောင်းနှင်နေသော ကံထူးအောင်(မိုးကောင်းကင်) မှန်လုံယာဉ်အမှတ် 6Q/.... HIGER အမျိုးအစား(အပြာရောင်)ယာဉ်အား လမ်း၏ယာဘက်ခြမ်းလမ်းဘေးမှကျော်တက်စဉ် အရှိန်မထိန်းနိုင်ဘဲ ဆိုင်ကယ်၏ဝဲဘက် ဘက်မှန်နှင့်မှန်လုံယာဉ်၏ယာဘက်ဘေးအား ဝင်ရောက်ချိတ်မိသဖြင့် ဆိုင်ကယ်လဲကျသွားပြီးကား၏ယာဘက်နောက်ဘီးဖြင့်ကြိတ်မိ၍ ဆိုင်ကယ်မောင်းနှင်သူ မခင်မျိုးသက်တွင်ဦးခေါင်းကွဲကြေဒဏ်ရာရရှိပြီးအခင်းဖြစ်နေရာတွင်သေဆုံးခဲ့ကြောင်းသိရသည်။
ဆိုင်ကယ်နောက်မှစီးနှင်းလိုက်ပါလာသူ ကိုသန်းဦးတွင် ဦးခေါင်းယာဘက်ချိုစွန်းဒဏ်ရာ၊ မျက်ခုံး၊ ပါး၊ လက်ခုံ၊ ဒူးခေါင်းတို့တွင် ဒဏ်ရာများရရှိထားသဖြင့် ကျုံပျော်မြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း ကျုံပျော်မြို့မရဲစခန်းမှသိရသည်။
ယာဉ်အားမဆင်မခြင်မောင်းနှင်၍ လူအားပြင်းထန်စွာဒဏ်ရာရရှိစေပြီး အသက်သေဆုံးအောင်ပြုလုပ်ခဲ့သူ ယာဉ်မောင်း စိုးလင်းထက်(၃၁) နှစ်၊အနောက်လမ်းမတော် (၅) ရပ်ကွက် အသုတ်မြို့ နေထိုင်သူအားအင်းရဲလှုပ်ရှား ရဲကင်းမှူး ဒုရဲအုပ်ကျော်သန်းလွင်မှတရာလိုအမှုစစ်အဖြစ်ဆောင်ရွက်ကာ ကျုံပျော်မြို့မရဲစခန်း၌ ယာဉ်'(ပ) ၁၁/၂၀၂၀ | ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈ ဖြင့် အမှုဖွင့်စစ်ဆေးလျှက်ရှိကြောင်း သတင်းသိရှိရသည်။

















