လူတိုင်းခေါင်းဆောင်ဖြစ်ကြောင်း ထိုင်းဆန္ဒပြသူများ ကြွေးကြော်

လူတိုင်းခေါင်းဆောင်ဖြစ်ကြောင်း ထိုင်းဆန္ဒပြသူများ ကြွေးကြော်

ထိုင်းရှိ အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုများအတွင်း ကမကထပြုသည့် ခေါင်းဆောင်များစွာ အဖမ်းခံခဲ့ရပြီးနောက် ကျန်ရှိသော ဆန္ဒပြသူများက လူတိုင်း ခေါင်းဆောင်ဖြစ်ကြောင်း ကြွေးကြော်ခဲ့ကြသည်။

ခေါင်းဆောင်များကို ဖမ်းဆီးရုံဖြင့် ဆန္ဒပြမှုများအဆုံးသတ်သွားမည်ဟု အာဏာပိုင်များ ယူဆနေသော်လည်း လူတိုင်းခေါင်းဆောင်ဖြစ်ကြောင်း မှတ်ယူထားရမည်ဖြစ်သည်ဟု အသက် ၂၄ နှစ်အရွယ် ဖလာဆိုသည့် အမျိုးသမီးက ဘန်ကောက်၌ အောက်တိုဘာ ၁၈ ရက်တွင် ဆန္ဒပြသူများအား မိန့်ခွန်းပြောဆိုခဲ့သည်။

လွန်ခဲ့သောအပတ်တွင် ဆန္ဒပြခေါင်းဆောင်တချို့အဖမ်းခံခဲ့ရသော်လည်း ဆန္ဒပြမှုများ ပိုမိုကြီးထွားလာခဲ့ပြီး ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာနုတ်ထွက်ကာ ဘုရင်မဟာဝဇီရလောင်ကွန်းဦးဆောင်သော တော်ဝင်မိသားစုနှင့်ပတ်သက်၍ ပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်ပေးရန် တောင်းဆိုမှုများ ပိုမိုပြင်းထန်လာခဲ့သည်။

“မိုက်ခရိုဖုန်းကိုအသင့်ပြင်၊ ကိုယ့်ကိုယ်ကိုယ်အကာအကွယ်ယူကြပါ၊ လူတိုင်းခေါင်းဆောင်တွေပါပဲ” ဟု လွတ်လပ်သော လူငယ် အမည်ရှိ ဆန္ဒပြမှုအဖွဲ့က ဖေ့စ်ဘွတ်ခ်၌ အောက်တိုဘာ ၁၈ ရက်တွင် ရေးသားခဲ့သည်။

နာမည်ကျော် ဆန္ဒပြသူ မိုက်ခ် ရာယွန် ဂျတ်နော့ခ်သည်လည်း လူတိုင်းခေါင်းဆောင်ဖြစ်သည်ဆိုသည့် ပို့စ်တစ်ခုကို အဖမ်းမခံရမီ အောက်တိုဘာ ၁၇ ရက်တွင် ဖေ့စ်ဘွတ်ခ်၌ ရေးသားခဲ့သည်။

ဆန္ဒပြမည့်နေရာများကိုလည်း လူမှုမီဒီယာများတွင် မဲပေး၍ ဆုံးဖြတ်ကာ အကြိမ်ကြိမ်ပြောင်းလဲကြေညာမှုများကြောင့် ရဲတပ်ဖွဲ့ဝင်များအတွက် ကြိုတင်ပြင်ဆင်ရာတွင် အခက်အခဲရှိခဲ့သည်။

ရဲတပ်ဖွဲ့ဝင်များရောက်ရှိလာချိန်တွင် လူထောင်ပေါင်းများစွာ စုဝေးပြီးဖြစ်နေသောကြောင့် လူစုခွဲရန် ခက်ခဲခဲ့သည်။

အခြေအနေ ရှုပ်ထွေးနေဆဲဖြစ်ပြီး အများပြည်သူအနေဖြင့် ဥပဒေကိုလိုက်နာရန်သာ ပြောလိုကြောင်း ရဲတပ်ဖွဲ့၏ပြောခွင့်ရှိသူ ကစ္စနာ ဖာသာနာချာရွန်ကပြောဆိုခဲ့သည်။