ပါကစ္စတန်ဝန်ကြီးချုပ် နုတ်ထွက်ပေးရန် လူထောင်ပေါင်းများစွာ ချီတက်တောင်းဆို

ပါကစ္စတန်ဝန်ကြီးချုပ် နုတ်ထွက်ပေးရန် လူထောင်ပေါင်းများစွာ ချီတက်တောင်းဆို

ပါကစ္စတန်နိုင်ငံ ကရာချိမြို့၌ အောက်တိုဘာ ၁၈ ရက်တွင် လူထောင်ပေါင်းများစွာစုဝေးပြီး ဝန်ကြီးချုပ် အီမရန် ခန်းနုတ်ထွက်ပေးရန် တောင်းဆိုဆန္ဒထုတ်ဖော်ခဲ့သည်။

ဝန်ကြီးချုပ် အီမရန် ခန်းသည် ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲတွင် မသမာမှုများပြုလုပ်ပြီး အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း ဆန္ဒပြသူများကပြောဆိုခဲ့သည်။

နိုင်ငံတစ်ဝန်း အစိုးရဆန့်ကျင်ရေးလုပ်ဆောင်ရန်အတွက် အတိုက်အခံပါတီ ကိုးပါတီသည် ပါကစ္စတန်ဒီမိုကရက်တစ်လှုပ်ရှားမှုအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

“အများပြည်သူဆီကနေ အလုပ်အကိုင်အခွင့်အလမ်းတွေကို ခိုးယူတယ်၊ ပြည်သူတွေ တစ်ရက်ကို နှစ်နပ်စားခွင့်ရတဲ့ အခွင့်အရေးကို ဖျက်ဆီးတယ်” ဟု ဝန်ကြီးချုပ်ဟောင်း နာဝက်ဇ် ရှာရစ်ဖ်၏ သမီး မာရီယမ် နာဝက်ဇ်က ဆန္ဒပြသူများကို ပြောဆိုခဲ့သည်။

လယ်သမားများ ငတ်ပြတ်နေပြီး လူငယ်များလည်း စိတ်ပျက်နေပြီဖြစ်ကြောင်း အတိုက်အခံခေါင်းဆောင် ဘီလာဝယ် ဘူတို ဇာဒါရီကပြောဆိုခဲ့သည်။

ခန်း၏ ဝန်ကြီးချုပ်အဖြစ် နှစ်နှစ်ကြာ တာဝန်ထမ်းဆောင်မှုအတွင်း အတိုက်အခံများကို ဖိနှိပ်ခြင်း၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ခြင်းတို့ရှိခဲ့သည်။

လာမည့်ရွေးကောက်ပွဲကို ၂၀၂၃ ခုနှစ်တွင် ပြုလုပ်ရမည်ဖြစ်သည်။ အောက်တိုဘာ ၁၆ ရက်တွင် ဂျူဂျ်ရန်ဝါလားမြို့၌ ခန်းဆန့်ကျင်ရေးဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီးဖြစ်သည်။

စစ်ဦးစီးချုပ် ကာမာ ဂျဗတ် ဘာဂျ်ဝါသည် ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲတွင် မသမာမှုများပြုလုပ်ပြီး ခန်း ဝန်ကြီးချုပ်ဖြစ်အောင် လှုပ်ရှားပေးခဲ့ကြောင်း ဝန်ကြီးချုပ်ဟောင်း ရှာရစ်ဖ်က ဂူဂျ်ရန်ဝါလာရှိ လူအုပ်ကြီးအား လန်ဒန်မှ ဗီဒီယိုလင်ခ့်ဖြင့် ပြောဆိုခဲ့သည်။

၎င်း၏ပါတီသည် စစ်တပ်ဆန့်ကျင်ရေးမဟုတ်သော်လည်း မဲပြားများကို စစ်ဖိနပ်ဖြင့် နင်းခြေသူများကိုမူ လေးစားနိုင်မည်မဟုတ်ကြောင်း မာရီယမ်ကပြောဆိုခဲ့သည်။