ဂျပန်နှင့် ဗီယက်နမ်တို့သည် ကာကွယ်ရေးပစ္စည်းနှင့် နည်းပညာဖလှယ်ရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီဒဲ ဆူဂါက အောက်တိုဘာ ၁၉ ရက်တွင် ပြောဆိုခဲ့သည်။
နှစ်နိုင်ငံလုံးအတွက် ကာကွယ်ရေးနယ်ပယ်တွင် ကြီးမားသော ခြေလှမ်းကို လှမ်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဆူဂါက ဗီယက်နမ်ဝန်ကြီးချုပ် ငုယင် ရွှန်ဖူနှင့် ဟနွိုင်း၌ တွေ့ဆုံခဲ့ပြီးနောက် ပြောဆိုခဲ့သည်။
ဗီယက်နမ်ဝန်ကြီးချုပ် ငုယင် ရွှန်ဖူနှင့် ဇနီးတို့၏ဖိတ်ကြားမှုကြောင့် ဆူဂါနှင့် ဇနီးတို့သည် ဗီယက်နမ်သို့ အောက်တိုဘာ ၁၈ မှ ၂၀ ရက်အထိ လာရောက်မည်ဖြစ်သည်။
၂၀၂၀ ပြည့်နှစ် စက်တင်ဘာတွင် ဝန်ကြီးချုပ်အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည့် ဆူဂါအတွက် ဗီယက်နမ်သည် ပထမဆုံး ပြည်ပခရီးစဉ်ဖြစ်သည်။ ဗီယက်နမ်နှင့် ဂျပန်တို့ကြား ကျယ်ပြန့်သော မဟာဗျူဟာအရ ပူးပေါင်းဆောင်ရွက်မှုရှိနေသည်ကို ဆူဂါ၏ခရီးစဉ်က ညွှန်းဆိုနေကြောင်း ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ဆူဂါသည် ဗီယက်နမ်ကွန်မြူနစ်ပါတီအတွင်းရေးမှူးဖြစ်သလို ဗီယက်နမ်သမ္မတလည်းဖြစ်သည့် ငုယင် ဖူထရွန်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ငုယင် သီကင်ငန်တို့နှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။
ထို့ပြင် ဆူဂါသည် ဟနွိုင်းရှိ ဗီယက်နမ်-ဂျပန်တက္ကသိုလ်ရှိ ကျောင်းသားများကိုလည်း မိန့်ခွန်းပြောဆိုမည်ဖြစ်သည်။

















