လူမှုကွန်ရက်တွင် ကိုယ်ကာယကြံံ့ခိုင်ရေးလှုပ်ရှားမှုများကြောင့် ထင်ပေါ်ကျော်ကြားသူ ဒီမီထရီ စတူဟတ်သည် COVID-19 ကူးစက်ခံရပြီးနောက် အသက် ၃၃ နှစ်အရွယ်တွင် သေဆုံးခဲ့ကြောင်း သိရသည်။
စတူဟတ်သည် ဆေးရုံမတက်ရခင် အချိန်အထိ COVID-19 ဖြစ်ပွားမှုကို လက်မခံခဲ့သူဖြစ်သည်။
စတူဟတ်သည် တူရကီသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ရောဂါကူးစက်ခံခဲ့ရခြင်းဖြစ်ကာ ၎င်း၏ မွေးရပ်မြေ ယူကရိန်းသို့ ပြန်လာချိန်တွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ရသဖြင့် ဆေးရုံတက်ခဲ့ရသည်။
လူမှုကွန်ရက်တွင် ကျန်းမာရေးအတွက် နည်းလမ်းကောင်းများ ပို့ချပေးသော ၎င်းသည် ရှစ်ရက်မြောက်နေ့တွင် ဆေးရုံမှ ဆင်းခွင့်ရခဲ့သည်။
သို့သော် ဗိုင်းရပ်စ်ကြောင့် နှလုံးနှင့်ပတ်သက်၍ နောက်ဆက်တွဲရောဂါဝင်လာခဲ့သည်။
၎င်းအား ဆေးရုံသို့ အချိန်မဆိုင်းဘဲ ပြန်လည်ပို့ဆောင်ခဲ့ရသည်။ စတူဟတ်သည် သတိလစ်ပြီး သေလုမြောပါးအခြေအနေဖြစ်ခဲ့ကြောင်း အသက် ၂၅ နှစ်အရွယ် ဇနီးဖြစ်သူ ဆိုဖီယာက ပြောကြားခဲ့သည်။
နှလုံး သွေးကြောစနစ်တွင် ယိုယွင်းမှုဖြစ်လာခဲ့ပြီး နှလုံးသည် ကောင်းမွန်စွာ အလုပ်မလုပ်နိုင်ခဲ့ကြောင်း ဆိုဖီယာက ပြောဆိုခဲ့သည်။
‘’သူက သေလုမတတ် ခံစားခဲ့ရတာပါ။ ဒီလိုအခြေအနေမျိုးမှာ ဘယ်သူမှ မတတ်နိုင်ကြပါဘူး။ ကလေးသုံးယောက် ဖခင်ဖြစ်တဲ့ ကျွန် မယောက်ျားအတွက် တတ်နိုင်သမျှ အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ အခု ကျွန်မဘာမှ မတတ်နိုင်ခဲ့ဘူးလေ’’ ဆိုဖီယာက ပြောကြား ခဲ့သည်။
‘’ကျွန်တော် ဖျားနေတယ်ဆိုတာကို အသိပေးချင်ပါ တယ်။ နောက်ပြီး အားလုံးကိုလည်း သတိပေးချင်ပါတယ်။ ကျွန်တော် မဖျားခင်အထိ COVID-19 ဆိုတာ မရှိဘူးလို့ ထင်ခဲ့တဲ့သူပါ။ COVID-19 ဆိုတာ ခဏလေး ရှင်သန်တဲ့ ရောဂါပိုး မျိုးမဟုတ်ပါဘူး။ အဲဒီပိုးက ကြောက်စရာကောင်းတယ်’’ ဟု စတူဟတ်က ဆေးရုံ၌ ကုသမှုခံယူနေစဉ်အတွင်း တွစ်တာ၌ ရေးသားခဲ့သည်။

















