ကရင်ပြည်နယ် မြဝတီမြို့တွင် ကရင်အမျိုးသားဒီမိုကရက်တစ်(KNDP)ပါတီအောင်နိုင်ရေးအတွက် လူအင်အားသောင်းနှင့်ချီသော ပါတီဝန်းရံသူများသည် အောက်တိုဘာ ၁၉ ရက် နံနက် ၈ နာရီအချိန်မှစတင်၍ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအထိ အင်အားပြလှည့်လည်ခဲ့ကြကြောင်း သိရသည်။
KNDP ပါတီကိုအားပေးထောက်ခံဝန်းရံသူများသည် အောက်တိုဘာ ၁၉ရက် နံနက်၈နာရီအချိန်၌ ပထမဦးစွာမြဝတီမြို့ အမှတ်(၅)ရပ်ကွက်ရှိ ကရင်နှစ်သစ်ကူးကွင်းအတွင်း၌ စုဝေးခဲ့ကြသည်။ ထို့နောက် မြဝတီမြို့နယ် မဲပလဲ့၊ဝှေ့ရှမ်း၊ သဃင်္န်းညီနောင်နှင့် အခြားကျေးရွာများသို့ လိုက်လံလှည့်လည်ပြီးမြဝတီမြို့ပေါ် ရပ်ကွက်များအတွင်းလှည့်လည်ခဲ့ကြသည်။
''ပါတီဝင်တွေကော ဝန်းရံသူတွေပါအင်အားတစ်သောင်းခန့်ပါဝင်ပြီး ပါတီအောင်နိုင်ရေးအတွက် အခုလိုလှည့်လည်ကြတာပါ။ ကျွန်တော်တို့ပါတီရဲ့ အဓိကရည်ရွယ်ချက်ကတော့ ငြိမ်းချမ်းရေးရရှိဖို့အဓိကရည်ရွယ်ပါတယ်။ ငြိမ်းချမ်းရေးရရှိပြီးမှ ဒေသဖွံ့ဖြိုးရေးတွေကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်လွှတ်တော်ထဲမှာ ကျွန်တော်တို့တိုင်းရင်းသားကိုယ်စားလှယ်တွေ များများရောက်ရှိဖို့ လိုအပ်ပါတယ်''ဟု မြဝတီမြို့မှပြည်နယ်လွှတ်တော်နေရာအတွက်ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးစိုးနောင်ကပြောသည်။
မြဝတီမြို့တွင် KNDP ပါတီမှပြည်သူ့လွှတ်တော် တစ်နေရာ၊ အမျိုးသား လွှတ်တော်အတွက် နှစ်နေရာ၊ပြည် နယ်လွှတ်တော်အတွက် နှစ်နေရာစုစုပေါင်း ငါးနေရာ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
















