Pact အပြည်ပြည်ဆိုင်ရာ အသေးစား ငွေရေးကြေးရေးဝန်ဆောင်မှု ရန်ပုံငွေ အဖွဲ့အစည်း PGMF က လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်ငယ်များကို အတိုးနှုန်း နှစ်ရာခိုင်နှုန်းဖြင့်ချေးငွေများ ထုတ်ချေး ပေးမည်ဟု သတင်းထုတ်ပြန်သည်။
အစိုးရ၏ COVID-19 ကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးသက်ရောက်မှုများကို ကုစားရေး အစီအမံ CERP အရ PGMF သည် မြန်မာ့စီးပွားရေးဘဏ်မှ COVID-19 တုံ့ပြန်ရေးအရေးပေါ်ချေးငွေ ကျပ်သန်းပေါင်း ၁ဝ,ဝဝဝ ကို ထုတ်ချေးရရှိထားသည်ဟု ထုတ်ပြန်ထားသည်။
အဆိုပါချေးငွေမှာ တစ်နှစ်သက်တမ်းချေးငွေဖြစ်ပြီးငွေကျပ် ၁ဝဝ လျှင် တစ်နှစ်အတိုး နှစ်ကျပ်သာ ပေးရမည်ဖြစ်သည်။ပထမသုံးလအတွင်း ချေးငွေ ပြန်လည်ပေးဆပ်ရန် မလိုဘဲသုံးလတစ်ကြိမ်သာ ချေးငွေကို အရစ်ကျ ပြန်လည် ပေးဆပ်ရမည် ဖြစ်သည်။
ဆိုင်၏ မတည်ရင်းနှီးငွေအပေါ် အခြေပြု၍ ဆိုင်ငယ်ကိုကျပ် ၃၅ သိန်းအများဆုံး၊ ဆိုင်အလတ်ကို ကျပ်သိန်း ၇ဝ အများဆုံး၊ ဆိုင်ကြီးကို ကျပ်သိန်း ၁ဝဝ အထိ ချေးယူနိုင်သည်ဟုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Pact Global Microfinance Fund (PGMF ) သည်လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်ငယ်များသို့ အထူးသက်သာသော အတိုးနှုန်းဖြင့် ချေးငွေများကို ထုတ်ချေးပေးလျက်ရှိရာ၂ဝ၂ဝ ပြည့်နှစ် အောက်တိုဘာ ၁၃ ရက်အထိ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်ပေါင်း ၃၈၅ဝ သို့ ချေးငွေကျပ်သန်းပေါင်း ၇၉၇၅ ဒသမ ၃ သန်း ထုတ်ချေးပေးခဲ့ပြီးဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
PGMF သည် မြန်မာနိုင်ငံ အတွင်း ပြည်နယ်နှင့်တိုင်းဒေသကြီး ရှစ်ခုရှိ မြို့နယ်ပေါင်း ၈၈ မြို့နယ်တွင် လူဦးရေ တစ်သန်းကျော်ကို ငွေရေးကြေးရေး ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက် ပေးထားသည်။
















