မင်းဘူးခရိုင်ဆေးရုံကြီး၌ COVID-19 အတည်ပြုလူနာများ ထားရှိမည့် အဆောင်သစ်အား မကြာမီဖွင့်လှစ်မည်

မင်းဘူးခရိုင်ဆေးရုံကြီး၌ COVID-19 အတည်ပြုလူနာများ ထားရှိမည့် အဆောင်သစ်အား မကြာမီဖွင့်လှစ်မည်

မင်းဘူးခရိုင် ခုတင်၂ဝဝ ဆံ့ ဆေးရုံ ကြီးတွင် COVID-19 အတည်ပြုလူနာများ သီးသန့်ထားရှိရန်အဆောင်အသစ်အား မကြာမီဖွင့်လှစ်မည်ဖြစ်ကြောင်း ခရိုင် COVID-19 ရောဂါကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးစန်းဌေးထံက သိရသည်။

မင်းဘူးခရိုင် ဆေးရုံကြီးတွင် COVID-19 အတည်ပြုလူနာ ၁၄ ဦးတက်ရောက် ကုသနေပြီး အတည်ပြုလူနာများ ထပ်မံတိုးလာနိုင်သဖြင့်ကြိုတင်ပြင်ဆင်ကာ ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း သိရသည်။

''ဆေးရုံကြီးကို လူနာတွေထပ်တိုးလာရင် အဆင်ပြေဖို့အတွက် ကုသဆောင်အသစ်ကို ကြိုတင်ပြင်ဆင်ကြတာဖြစ်ပါတယ်။ လက်ရှိအဆောင်သစ်မှာရှိတဲ့အခန်းတွေကို Air-Con ၁ဝလုံးတပ်ဆင်ပြီးပြီ။ ခုတင် ၃၅ လုံးလည်းနေရာချဖို့စီစဉ်နေတယ်၊ နောက် ထရော်လီ ၃၅ လုံးလည်း မကြာခင်ရောက်မယ်။ တာဝန်ကျမယ့် ဆရာဝန်တွေ၊ဆရာမတွေ PPE ဝတ်စုံဝတ်ဆင်ဖို့အတွက် အခန်းလုပ်နေတယ်။ နောက်နှစ်ရက်သုံးရက်လောက်ဆို အသုံးပြုလို့ရပါပြီ'' ဟု ခရိုင်အုပ်ချုပ်ရေးမှူးဦးစန်းဌေးက ပြောသည်။

မင်းဘူးခရိုင်ဆေးရုံကြီး၌ အခြားရောဂါကြောင့် ဆေးရုံတက်နေသည့်လူနာများအပြင် COVID-19 လူနာများကိုလည်း ကုသပေးနေပြီး နေရာအခက်အခဲရှိခြင်းကြောင့် ဆောက်လုပ်ဆဲအဆောင်သစ်တွင်ထားရှိရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

''မင်းဘူးဆေးရုံကြီးရဲ့ အဆောက်အအုံက ကုတင် ၂၀၀ ဆံ့ဆေးရုံဆိုတော့ နေရာအခက်အခဲရှိပါတယ်။ နေရာအခက်အခဲရှိတဲ့ကြားက မဖြစ်မနေပိုးတွေ့လူနာတွေကို သီးသန့်ထားနိုင်အောင် ဆောက်လုပ်ဆဲအဆောင်သစ်မှာ စီစဉ်နေတာပါ။ အဆောက်အအုံသစ်မှာက အလွန်ဆုံးထားနိုင်မှ လူနာ၁၈ ယောက်၊ ၂ဝ ယောက်လောက်ထားနိုင်အောင်စီစဉ်နေပါတယ်''ဟုမင်းဘူးခရိုင် ဆေးရုံအုပ်ကြီးဒေါက်တာတင့်ခိုင်က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး