COVID-19 ဖြစ်ပွားမှု ဒုတိယလှိုင်း၌ ပြည်သူများသည် စီပွားရေးနှင့်ပတ်သက်၍ ရုန်းကန်မှုများ ရှိနေရသည်ကိုသိရပြီး အစိုးရအနေဖြင့် တတ်နိုင်သမျှ ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်းနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ ၁၉ ရက် ညပိုင်းက ပြည်သူသို့ အစီရင်ခံသည့် မိန့်ခွန်းအတွင်း ထည့်သွင်းပြောဆိုခဲ့သည်။
''အခု နိုင်ငံတော်ဘက်က ကြည့်လိုက်တဲ့အခါကျတော့ ကိုဗစ်ရောဂါဖြစ်တာ နည်းနည်းကြာလာတာ အထူးသဖြင့် ဒုတိယလှိုင်းပေါ့။ ဖြစ်ပြီးတဲ့နောက်မှာဆိုရင် စီးပွားရေးအရ ကျွန်မတို့ ပြည်သူတော်တော်များများမှာ ရုန်းကန်ရတဲ့ဘဝ ရောက်လာတယ်ဆိုတာသတိပြုမိပါတယ်။ အဲဒါတွေအတွက်လည်း နိုင်ငံတော်ကနေ ဘယ်လောက်အထိ လုပ်နိုင်မယ်၊ ဘယ်လိုနည်းတွေနဲ့ပံ့ပိုးနိုင်မလဲဆိုတာ တစ်ချိန်လုံးပဲ စဉ်းစားပြီးတော့ လိုအပ်ရင် လိုအပ်သလိုတတ်နိုင်သမျှ ဖြည့်ဆည်းပေးပါမယ်။ဖြည့်ဆည်းလည်းပေးနေပါတယ်။ အဲ့ဒီတော့ ပြည်သူတွေကလည်း သာမန်ဘဝလိုမဟုတ်ဘဲ အခက်အခဲတွေနဲ့ရင်ဆိုင်ရတာကိုတော့ သည်းညည်းခံပေးစေချင်ပါတယ်'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
လက်ရှိအချိန်တွင် ရန်ကုန်တိုင်းအတွင်း COVID-19 ဖြစ်ပွားမှု အခြေအနေသည် လုံးဝထိန်းချုပ်နိုင်သည်ဟု မဆိုသော်လည်း အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်လာနိုင်သည်ကိုတွေ့ရကြောင်း၊ ထိုအခြေအနေသည်မြန်မြန်ဆန်ဆန် စမ်းသပ်နိုင်သည့် Test Kit များအသုံးပြုနိုင်၍ ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့်လည်းပို၍ ဂရုစိုက်လာမှုကြောင့်လည်းဖြစ်ကြောင်း ဆိုသည်။ သို့သော် မွန်ပြည်နယ်၊ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့တွင် ရောဂါဖြစ်ပွားမှုနှုန်းတိုးလာသည်ကိုတွေ့ရ၍ သတိထားကြရန်လိုအပ်ကြောင်း သတိပေးပြောဆိုသည်။
COVID-19 နှင့်ပတ်သက်၍ စိုးရိမ်လွန်ပါကလည်း အကျိုးပြုနိုင်မည်မဟုတ်ကြောင်း၊ တစ်ဖက်ကလည်းပြည်သူများအနေဖြင့် စိတ်ဓာတ်ခိုင်ခိုင်မာမာဖြင့် စိန်ခေါ်မှုကြီးအား ကျော်လွှားနိုငသည်အထိ ရပ်တည်နိုင်သကဲ့သို့ တစ်ဖက်တွင်လည်း အန္တရာယ်ကိုပြည့်၀ စွာ ဖြင့် နားလည်ထားရန်လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကသတိပေးပြောဆိုသည်။ ကိုဗစ်နှင့်ယှဉ်တွဲလျက်ရှိသည့် စိန်ခေါ်မှုတစ်ခုဖြစ်သည့်အထွေထွေရွေးကောက်ပွဲအား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်လည်းလိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
ထို့ပြင် ကပ်ရောဂါနှင့်ပတ်သက်၍ကာကွယ်ဆေးများ မထွက်မီနှင့် ကာကွယ်ဆေးများ ရရှိချိန်အထိလည်းပြည်သူများအနေဖြင့် မိမိကိုယ်ကိုယ်အားကိုးရမည်ကြောင်း၊ နိုင်ငံအနေဖြင့်နှိုင်းယှဉ်ပြောဆိုပါက အချင်းချင်းအားကိုးယုံကြည်မှုဖြင့် ညီညွတ်မှုရှိရန် လိုအပ်ကြောင်း ပြောဆိုသည်။ ထိုကဲ့သို့ညီညွတ်မှုရှိမည်ဆိုပါက ပြည်သူများအနေဖြင့် မည်သည့်စိန်ခေါ်မှုကိုမဆိုယုံကြည်စွာဖြင့် ကျော်လွှားနိုင်မည်ဖြစ်ကြောင်းလည်း အားပေး ပြောဆိုခဲ့သည်။
















