အထိမ်းအမှတ်ကမ္ဗည်းများ အမှောင်ထဲတွင် ပျောက်ဆုံးသွားကြသည်။ ၂ဝ၁၇ ခုနှစ်ဧပြီတွင် ဘန်ကောက်ရှိ တော်ဝင်ရင်ပြင်ရှိကြေးကမ္ဗည်းတစ်ခု ပျောက်သွားခဲ့သည်။
၁၉၃၂ခုနှစ်တွင် ထိုင်းရှိ သက်ဦးဆံပိုင်ဘုရင်စနစ်အဆုံးသတ်ပြီဖြစ်ကြောင်း တော်လှန်ရေးသမားများက ကြွေးကြော်ခဲ့သည့် နေရာအထိမ်းအမှတ်ဖြစ်သည်။ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာတွင်ရုပ်တုတစ်ခုကို ဖျောက်ဖျက်ပစ်ခဲ့သည်။ တော်လှန်ရေးသမားများကို ဆန့်ကျင်ရန်ကြိုးပမ်းသူများရှုံးနိမ့်ခဲ့သည့် အထိမ်းအမှတ်ရုပ်တုဖြစ်သည်။ လွန်ခဲ့သောလတွင် ထိုင်းရှိ ဒီမိုကရေစီအရေးလှုပ်ရှားသူများသည် အထိမ်းအမှတ်ပစ္စည်းများပျောက်ဆုံးနေမှုကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ဘန်ကောက်ရှိတော်ဝင်မိသားစုဆိုင်ရာနေရာ၌ ကမ္ဗည်းတစ်ခုကိုထားရှိခဲ့သည်။
''ထိုင်းနိုင်ငံကိုဘုရင် မပိုင်ဆိုင်ဘဲ ပြည်သူများသာပိုင်ဆိုင်သည်ကို ထုတ်ဖော်ပြောဆိုလိုက်သည်'' ဟု ကမ္ဗည်းတွင် ရေးသားထားသည်။ ရက်ပိုင်းအတွင်း ယင်းကမ္ဗည်းပြားဖယ်ရှားခံခဲ့ရသည်။ထိုင်းဘုရင် မဟာဝဇီရလောင်ကွန်းသည်အပျော်အပါးမက်သူဖြစ်သည်ကို တစ်ကမ္ဘာလုံးက သိကြသည်။ ကြင်ရာတော်လေးယောက်ရှိသည်။ ဂျာမနီရှိဟိုတယ်တစ်လုံးတွင် အမျိုးသမီးများနှင့် ပျော်ပွဲဆင်တတ်သည်။ ခပ်ပါးပါးတီရှပ်အင်္ကျီဝတ်တတ်သောကြောင့် သူ့ခန္ဓာကိုယ်ရှိတက်တူးများကို မြင်ရတတ်သည်။ ထိုင်းနိုင်ငံသားလူငယ်များအတွက်တော့ သူ၏လေးနှစ်အုပ်ချုပ်မှုသက်တမ်းသည် လှောင်ပြောင်စရာများအပြည့်သာ ရှိခဲ့သည်။
ဘုရင်သည် သက်ကြီးရွယ်အိုဝန်မင်းများကို သူ့ရှေ့ လေးဘက်ထောက် သွားစေတတ်သူဖြစ်သည်။ သူစိတ်မကြည်အောင်လုပ်သည့်နန်းတော်အမှုထမ်းများကို ဦးခေါင်းပြောင်အောင်ရိပ်ပြီး အပြစ်ပေးတတ်သည်။ စိတ်မလိုလျင်မလိုသလို သားသမီးများကိုအမွေပြတ်လည်း စွန့်လွှတ်တတ်သူဖြစ်သည်။ ဆိုးသည့်အချက်မှာသူသည် အာဏာပိုမိုချုပ်ကိုင်လာခြင်းဖြစ်သည်။ တော်ဝင်မိသားစုပိုင်ဆိုင်မှုအားလုံးကို ပုဂ္ဂလိကပိုင်ဆိုင်မှုလိုသတ်မှတ်ထားသည်။ စစ်သည်များကို တိုက်ရိုက်ထိန်းချုပ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရန် ညွှန်ကြားသည်။ သက်ဦးဆံပိုင်ဘုရင်စနစ်ကို ပြန်လည်ကျင့်သုံးလိုသည့် ဆန္ဒကိုဖုံးဖိမထားခဲ့။ ယင်းကြောင့်လည်း အထိမ်းအမှတ်ပစ္စည်းများပျောက်ကုန်ခြင်းဖြစ်သည်။ ထိုင်းပြည်သူများသည်ဇူလိုင်တွင် စတင်ဆန္ဒပြကြသည်။ သူတို့ ဆန္ဒပြမှုများက ကမ္ဗည်းများပျောက်ဆုံးနေသည်ကိုပဲတားဆီးနိုင်မလား။ ဘုရင်စနစ်ကိုရော ပြုပြင်ပြောင်းလဲပေးနိုင်မလား။ စောင့်ကြည့်ရဦးမည်။အောက်တိုဘာ ၁၄ ရက်တွင် ဆန္ဒပြသူထောင်ပေါင်းများစွာသည် ဘန်ကောက်မြို့လယ်ကိုဖြတ်ပြီး ချီတက်ကာ ဝန်ကြီးချုပ်ရုံးရှေ့၌စခန်းချခဲ့ကြသည်။ ဒီမိုကရေစီအထိမ်းအမှတ်နေရာနားတွင် လက်ချင်းတွဲချိတ်ပြီး လူသားတံတိုင်းလုပ်ခဲ့သည်။ ဆန္ဒပြသူများနှင့် မနီးမဝေးနေရာမှ ဘုရင်မဟာဝဇီရလောင်ကွန်းလိုက်ပါလာသောယာဉ်တန်း ဖြတ်သွားသည်။ ဘုရင်ဖြစ်သူကိုယ့်နိုင်ငံကိုယ် ခေတ္တပြန်လာသည့်အခိုက်နှင့် ကြုံနေခဲ့သည်။
ယင်းနေ့ညမှာတော့ အစိုးရသည် လူငါးဦးထက်ပိုမိုပြီး စုဝေးခြင်းမပြုရန် ပိတ်ပင်ပြီးအမျိုးသားလုံခြုံရေး မထိခိုက်စေရန်နှင့် သတင်းမှားဖြန့်မှုအား ပိတ်ပင်သည့် အမိန့်ဒီဂရီတစ်ခုကိုထုတ်ပြန်ခဲ့သည်။ တော်ဝင်မိသားစုကိုစော်ကားသည့်ဆန္ဒပြသူများ အပြစ်ပေးခံရမည်ဖြစ်ကြောင်း အစိုးရက သတိပေးသည်။ နောက်တစ်နေ့နံနက်မှာတော့ ဆန္ဒပြခေါင်းဆောင်များစွာ အဖမ်းခံခဲ့ရသည်။ သို့သော် အမိန့်ဒီဂရီကိုမလိုက်နာဘဲ ဆက်လက်ဆန္ဒထုတ်ဖော်သောကြောင့် တင်းမာမှုများပိုမိုကြီးမားလာခဲ့သည်။
ဥပဒေများအရ ဘုရင်မဟာဝဇီရလောင်ကွန်းသည် စည်းမျဉ်းခံဘုရင်အဖြစ် အုပ်ချုပ်ရမည်ဖြစ်သည်။ သို့သော် ရိုးရာစနစ်ကိုလုံးဝပျောက်ကွယ်သွားသည်တော့ မဟုတ်။ ဘုရင်သည် လူ့အဖွဲ့အစည်း၏ ဥသျောင်ဖြစ်ပြီးနတ်ဒေဝါတစ်ပါးလို သတ်မှတ်ခံထားရသည်။ဘုရင်စနစ်ကိုကာကွယ်သူများနှင့် ပြည်သူဆိုသည့် အချုပ်အခြာအာဏာအစပြုရာ အခြားစနစ်တစ်ခုကို ကိုယ်စားပြုသူများကြားအတိုက်အခံဖြစ်ခဲ့ကြသည်။
ယင်းပဋိပက္ခများကြောင့် ထိုင်း၌ ၁၉၃၂ခုနှစ်ကတည်းက အာဏာသိမ်းမှု ၁၂ ခုနှင့်ဖွဲ့စည်းပုံအခြေခံဥပဒေအခု ၂ဝ ရှိခဲ့ခြင်းဖြစ်သည်။ ၁၉၅ဝ ပြည့်နှစ်ကျော်ကာလများမှစ၍စစ်တပ်နှင့် နန်းတော်ကြားဆက်ဆံရေးကြောင့်စစ်အစိုးရအဆက်ဆက် တရားဝင်အုပ်ချုပ်ခွင့်ရရှိခဲ့သည်။ လွန်ခဲ့သောနှစ်ပေါင်း ၂ဝ အတွင်း ထိုင်းလူ့မလိုင်များ၏ အကြီးဆုံးရန်သူမှာ ၂ဝဝ၆ ခုနှစ်တွင် စစ်တပ်က အာဏာသိမ်းဖြုတ်ချခံခဲ့ရသည့် သက်ဆင်ရှင်နာဝတ်ဖြစ်ခဲ့သည်။ သက်ဆင်အာဏာဆုံးရှုံးပြီးနောက် နှစ်များစွာအတွင်းသက်ဆင်ကိုထောက်ခံသည့် ရှပ်နီများနှင့်တော်ဝင်မိသားစုကိုထောက်ခံသည့် ရှပ်ဝါများကြား လမ်းမထက်ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။
၂ဝ၁၄ ခုနှစ်တွင် ဗိုလ်ချုပ်များဦးဆောင်ကာအာဏာသိမ်းခဲ့သည်။ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ပရာယွတ် ချန်အိုချာကဝန်ကြီးချုပ်အဖြစ် ဆက်လက်အုပ်ချုပ်ခဲ့သည်။ စစ်တပ်ကိုမျက်နှာသာပေးသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်က သက်ဆင်၏ ဖြူထိုင်းပါတီကဲ့သို့ ပါတီကြီးများကို ယမန်နှစ် ရွေးကောက်ပွဲတွင် အထိနာစေခဲ့သည်။
လွန်ခဲ့သောခြောက်နှစ်တွင် စစ်တပ်အာဏာသိမ်းရခြင်း၏ အဓိကအကြောင်းအရင်းတစ်ခုမှာ ချာကရီမင်းဆက်၏ နဝမမြောက်မှဒသမမြောက်ဘုရင်သို့ ထီးနန်းလွှဲပြောင်းမှုသေချာခိုင်မာစေရေးဖြစ်သည်။ ဘုရင်မဟာဝဇီရလောင်ကွန်းပလလင်ပိုင်ဖြစ်ရသည့် လမ်းကြောင်းမှာ ရိုးရှင်းခြင်းမရှိခဲ့။ လူချစ်လူခင်များသည့် ဖခင်ဘုရင် ဘူမိဘောသက်တော်ထင်ရှားရှိစဉ်ကတည်းက ထိုင်းအထက်တန်းလွှာများသည် မဟာဝဇီရလောင်ကွန်းကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ခဲ့ကြသည်။ ယင်းအချိန်ကအိမ်ရှေ့စံဖြစ်သည့် မဟာဝဇီရလောင်ကွန်းသည် ကောလာဟလများစွာကို ဖြစ်စေခဲ့သောကြောင့် တော်ဝင်မျိုးနွယ်များက စိုးရိမ်ခဲ့သည်။ မဟာဝဇီရလောင်ကွန်း၏ မယ်တော်ကိုယ်တိုင်ကပင် သားဖြစ်သူကို မြာပွေသူအဖြစ်ပြောဆိုခဲ့သည်။ မင်းသမီးတစ်ပါးဖြစ်သည့်ပထမဆုံးကြင်ရာနှင့် လမ်းခွဲပြီးနောက် မဟာဝဇီရလောင်ကွန်းသည် ဒုတိယကြင်ရာတော်ကမွေးသော သားသမီးငါးဦးကို အမွေပြတ်စွန့်လွှတ်ခဲ့သည်။ သရုပ်ဆောင်တစ်ဦးဖြစ်သည့်ဒုတိယကြင်ရာတော်သည် ထိုင်းမှပင် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ တတိယကြင်ရာတော်နှင့်အဆက်ဖြတ်ပြီးနောက်မှာတော့ ယင်းကြင်ရာတော်၏ဆွေမျိုးများ အကျဉ်းထောင်ထဲ ရောက်သွားကြသည်။ မဟာဝဇီရလောင်ကွန်းသည်မင်းသားဘဝကတည်းက အသုံးအဖြုန်းကြီးသူဖြစ်သည်။ ဆန်းဆန်းပြားပြားတွေလည်းလုပ်တတ်သည်။ သူမွေးထားသည့်ခွေးလေးဖူးဖူးကို လေတပ်စစ်ဦးစီးချုပ်ရာထူးပင် ပေးထားလိုက်သေးသည်။
ပိုဆိုးသည်က ဘုရင်မဟာဝဇီရလောင်ကွန်းသည် ထိုင်းနိုင်ငံ၌ မနေခြင်းဖြစ်သည်။လူဦးရေသန်း ၇ဝ ရှိသောထိုင်းနိုင်ငံကို မိုင်ပေါင်း ၅ဝဝဝ ကျော်ဝေးသော ဂျာမနီမှ သူအုပ်ချုပ်နေသည်။ ဘုရင်သည် စက်ဘီးစီးသည်၊လိင်ဆက်ဆံသည်၊ စားသောက်သည် စသည့်သုံးခုကိုသာ လုပ်ကိုင်ကြောင်း အတွင်းနေတစ်ဦးက ဖွင့်ချခဲ့သည်။ ထိုင်းနိုင်ငံနှင့် ဆက်စပ်သောနိုင်ငံရေးကို ဂျာမနီမြေတွင် မလုပ်ကိုင်ရန်တောင်းဆိုလိုကြောင်း ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ဟိုက်ကိုမားအက်စ်က အောက်တိုဘာ ၇ ရက်တွင် ဂျာမနီလွှတ်တော်၌ ပြောဆိုခဲ့သည်။
ဘုရင်၏ စစ်ဘက်ဆိုင်ရာကြင်ရာတော်များအကြောင်းကို ကမ္ဘာတစ်ဝန်းရှိမီဒီယာများကဖော်ပြတတ်သည်။ တတိယကြင်ရာတော်ဖြစ်သည့် သီရိရာသမီသုဝဒီ၏ရုပ်ပုံများကို ဂျာမန်သတင်းစာတစ်စောင်က ယမန်နှစ်တွင် ဖော်ပြခဲ့သည်။ ဦးခေါင်းပြောင်အောင်ရိပ်ထားပြီးမျက်ရည်ကျနေသော သုဝဒီက နေအိမ်အကျယ်ချုပ်ဖြင့်နေခဲ့ရကြောင်း ပြောသည်။
ထိုင်း၌ တော်ဝင်မိသားစုအကြောင်းကိုယင်းလိုဖော်ပြခွင့်မရ။ အန္တရာယ်များလှသောလုပ်ရပ်ဖြစ်သည်။ ဘုရင်၊ မိဖုရားနှင့် အိမ်ရှေ့စံတို့ကိုစော်ကားပါက တော်ဝင်မိသားစုဆိုင်ရာဥပဒေအရထောင်ဒဏ် သုံးနှစ်မှ ၁၅ နှစ်အထိကျခံရမည်ဖြစ်သည်။ ယင်းဥပဒေကိုအသုံးမချရန် ဘုရင်ကအမိန့်ပေးထားသော်လည်း တော်ဝင်မိသားစုကိုဝေဖန်သူများသည် ကွန်ပျူတာရာဇဝတ်မှုအပါအဝင် ပြစ်မှုများစွာဖြင့် အဖမ်းခံခဲ့ရပြီးဖြစ်သည်။ ဘုရင်စနစ်အပေါ် အယုံအကြည်မဲ့နေပြီဟု ရေးသားထားသည့် ရှပ်အင်္ကျီတစ်ထည်ဝတ်ဆင်မှုဖြင့် အမျိုးသားတစ်ဦးသည် စိတ်ကျန်းမာရေးဆေးရုံသို့ ဇူလိုင်လတွင် ပို့ဆောင်ခံခဲ့ရသည်။
ဘုရင်၏အပျော်အပါးမက်မှုများကို လူများကအာရုံစိုက်နေမှုကြောင့် ဘုရင်၏အာဏာချုပ်ကိုင်ရန် လုပ်ဆောင်မှုများကိုသတိမထားမိသလိုရှိခဲ့သည်။ နိုင်ငံရေး၊ ဘဏ္ဍာရေးနှင့်စစ်ရေးကိစ္စများတွင် ဘုရင်မဟာဝဇီရလောင်ကွန်းသည် ဖခမည်းတော်မရရှိခဲ့သည့် လုပ်ပိုင်ခွင့်များကိုရရှိခဲ့သည်။ ဘဏ္ဍာရေးကိစ္စကိုကြည့်ပါ။ ၂ဝ၁၇ ခုနှစ်တွင် ဘုရင်သည် တော်ဝင်မိသားစုပိုင်ဆိုင်မှုဗြူရိုကို လုံးဝထိန်းချုပ်ခွင့်ရရှိခဲ့သည်။ ဗြူရိုသည် တော်ဝင်မိသားစု၏ရင်းနှီးမြှုပ်နှံမှုများကို စီမံသည့်ဌာနဖြစ်ပြီးယခင်က ဘဏ္ဍာရေးဝန်ကြီးဌာနလက်အောက်တွင်ရှိခဲ့သည်။ ပိုင်ဆိုင်မှုတန်ဖိုး ၄ဝ ဘီလီယံခန့်ရှိသည်ဟုဆိုကြသည်။ ၂ဝ၁၈ ခုနှစ်မှာတော့ ဗြူရိုက ၎င်းတို့ပိုင်ဆိုင်မှုအားလုံးသည်ဘုရင်ပိုင်ပစ္စည်းများဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ အကျိုးဆက်အဖြစ် ဘုရင်သည် ထိုင်းရှိ ကော်ပိုရေးရှင်းကြီးများတွင် ရှယ်ယာများပိုင်ဆိုင်သွားခဲ့သည်။ ၂ဝ၁၉ ခုနှစ်တွင် အမြတ်ငွေ ဒေါ်လာ ၁၄ ဘီလီယံရှိခဲ့သည့် Siam Cement Group တွင် ဘုရင်သည် ရှယ်ယာအများဆုံးပိုင်ဆိုင်သူဖြစ်သည်။ ထိုင်း၌ အကြီးဆုံးဖြစ်သလိုသက်တမ်းလည်း ၁၁၃ နှစ်ရှိပြီဖြစ်သည့် Siam Commercial Bank မှာလည်းဘုရင်သည် ရှယ်ယာရှင်ဖြစ်သည်။
ဘုရင်မဟာဝဇီရလောင်ကွန်းသည် နိုင်ငံရေးတွင် ဝင်ရောက်စွက်ဖက်ခြင်းကလည်းသူ့ သြဇာကြီးမားလာပုံကို ညွှန်းဆိုနေသည်။ဥပဒေအရဘုရင်သည် ပါတီ၊ လွှတ်တော်နှင့်နိုင်ငံရေး၏အထက်ကရှိရမည်ဖြစ်သည်။ သို့သော် ၂ဝ၁၆ ခုနှစ် ပြည်သူ့ဆန္ဒခံယူပွဲပြီးနောက်တွင် ဖွဲ့စည်းပုံပြင်ဆင်ရန် ဘုရင်ကတောင်းဆိုခဲ့သည်။ ပြည်ပမှ အုပ်ချုပ်ရလွယ်ကူစေရန်ဘုရင်ကပြောင်းလဲစေခြင်းဖြစ်သည်။
ယမန်နှစ်တွင် ပြုလုပ်ခဲ့သည့် လွှတ်တော်ရွေးကောက်ပွဲများတွင် ဘုရင်သည် တိုက်ရိုက်ဝင်ရောက်စွက်ဖက်ခဲ့သည်။ ဘုရင်၏အစ်မတော်ကဝန်ကြီးချုပ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်ရန် ကြိုးပမ်းသည့်အခါ ဘုရင်သည် စစ်တပ်အတွက် အနှောင့်အယှက်မဖြစ်စေရေး ကြားဝင်ခဲ့ပြန်သည်။ အစ်မတော်၏ရည်မှန်းချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီကြောင်းဘုရင်ကဆုံးဖြတ်ခဲ့သည်။ တော်ဝင်မိသားစုဝင်များ နိုင်ငံရေးနှင့် ကင်းကင်းရှင်းရှင်း နေသင့်ကြောင်းပြောဆိုခဲ့သော်လည်း ရွေးကောက်ပွဲမတိုင်မီညတွင် သူကလူကောင်းများကိုမဲပေးရန်ပြည်သူများကိုတိုက်တွန်းခဲ့သည်။ ပရာယွတ်နှင့်မဟာမိတ်များကို ရည်ညွှန်းလိုဟန်ရှိသည်။
မဟာဝဇီရလောင်ကွန်းဘုရင်ဖြစ်လာပြီးနောက် နန်းတော်နှင့် စစ်တန်းလျားတို့ကြားအပြန်အလှန်အားပေးထောက်ခံမှု၏ပြယုဂ်တစ်ခုသာဖြစ်သည်။ ဘုရင်သည် စစ်ရေးကိစ္စများတွင် များစွာ စိတ်ဝင်စားသူဖြစ်သည်။သြစတြေးလျရှိ စစ်ဘက်ဆိုင်ရာ အကယ်ဒမီတစ်ခုတွင် သင်တန်းတက်ခဲ့ရသော မဟာဝဇီရလောင်ကွန်းသည် ဗိုလ်ချုပ်ရာထူးများကိုလည်းယူထားသူဖြစ်သည်။ မိဖုရားသည် ဗိုလ်ချုပ်ဖြစ်သည်။ တော်ဝင်အစောင့်တပ်ကို စစ်သည် ၅ဝဝဝ ဖြင့် ဖွဲ့စည်းထားပြီးဖြစ်သည်။ ဘာကြောင့်စစ်တပ်က ထောက်ခံနေတာပါလဲ။ ဘုရင်စနစ်ကိုထောက်ခံခြင်းသည်ပင်လျှင် စစ်တပ်တည်ရှိနေခြင်း၏အဓိကအကြောင်းအရင်းဖြစ်သည်။
တပ်မှူးကြီးများသည် ဘုရင့်အစောင့်တပ်မှရာထူးတိုးလာသူများဖြစ်ကြသည်။ ဘုရင့်အစောင့်တပ်တွင် ဝဇီရလောင်ကွန်းလည်းတာဝန်ထမ်းဆောင်ဖူးသည်။ ဆန့်ကျင်ဘက်အားဖြင့် ပရာယွတ်နှင့် မဟာမိတ်များသည်မိဖုရားအစောင့်တပ်မှ ရာထူးတိုးလာသူများဖြစ်ကြသည်။
ထိုင်းပြည်သူများသည် ဘုရင်စနစ်ကိုအွန်လိုင်းမှပင် ဝေဖန်ခွင့်မရကြ။ ထိုင်းအစိုးရကတရားစွဲမည်ဟု ခြိမ်းခြောက်မှုကြောင့် ဖေ့စ်ဘွတ်ခ်သည် ထိုင်းဘုရင်စနစ်ကိုဝေဖန်သည့်ဖေ့စ်ဘွတ်ခ်အုပ်စုတစ်စုကို ပိတ်ပင်ခဲ့သည်။ဖန်သားပြင်တွင် မကျေနပ်မှုကိုထုတ်ဖော်လို့မရသောကြောင့် လမ်းမပေါ်ထွက်ကြသည်။ဇူလိုင်လမှစ၍ ဆန္ဒပြသူများသည် အစိုးရအဖွဲ့နုတ်ထွက်ပြီးဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆွဲကာ ဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲရေးတောင်းဆိုခဲ့ကြသည်။ ရှပ်နီနှင့် ရှပ်ဝါကြားတိုက်ပွဲမှ ဒီမိုကရေစီနည်းကျလွတ်လပ်မှုများအတွက် တောင်းဆိုလာခဲ့ကြသည်။
ဆန္ဒပြသူဦးရေလည်း တိုးပွားလာခဲ့သည်။၁၉၇ဝ ပြည့်နှစ်ကျော်ကာလများတွင် ဆန္ဒပြကျောင်းသားများကို နှိမ်နင်းခဲ့သည့် ဖြစ်ရပ်မျိုးထပ်ဖြစ်လာမည်ကို စိုးရိမ်မှုများရှိနေသည်။ယခုအချိန်အထိတော့ ဆန္ဒပြခေါင်းဆောင်အနည်းငယ်သာအဖမ်းခံရသေးသည်။ ဘုရင်နှင့်ဘုရင်စနစ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေအောက်သွတ်သွင်းရန် ကြိုးပမ်းနေခြင်းသာဖြစ်ပြီးဘုရင်စနစ်ကိုဖြုတ်ချရန် အစီအစဉ်မရှိကြောင်းဆန္ဒပြကျောင်းသားတစ်ဦးက ပြောဆိုသည်။
ထိုင်းပြည်သူများသည် ဘုရင်ကို ရိုသေလေးစားမည်မလေးစားမည်၊ ဘုရင်ကိုစက်ဆုတ်ရွံရှာမည် မရွံရှာမည်မှာ ဘုရင်မဟာဝဇီရလောင်ကွန်း၏လုပ်ရပ်များက ဆုံးဖြတ်ပေးလိမ့်မည်ဖြစ်သည်။
(The Economist မှ Thailand’s king seeks to bring back absolute monarchy ကို ဆီလျော်အောင် ပြန်ဆိုသည်။)

















