COVID-19 တိုက်ဖျက်ရေးတွင် အဓိကလက်နက်များအဖြစ် မှတ်ယူခံထားရသည့် Remdesivir နှင့် ငှက်ဖျားဆေး HCQ တို့သည် အိန္ဒိယရှိ COVID-19 ကုသရေးတွင် အလုပ်မဖြစ်ကြောင်း အိန္ဒိယဆေးသုတေသနကောင်စီ(ICMR) ကအောက်တိုဘာ ၂၀ ရက်တွင် ကြေညာခဲ့သည်။
Remdesivir ဆေး၏ထိရောက်မှုနှင့်ပတ်သက်၍ ဆွေးနွေးနေကြဆဲဖြစ်ပြီး စမ်းသပ်မှုရလဒ်များကို လေ့လာမှုများအရ ယင်းဆေးသည် COVID-19 ကုသရေးတွင် အလုပ်မဖြစ်သည်ကို သတိပေးလိုကြောင်း ICMR ၏ ညွှန်ကြားရေးမှူးချုပ် ဘာရမ် ဘဂဝါကပြောဆိုခဲ့သည်။
တစ်ချိန်တည်းမှာပင် COVID-19 ကာကွယ်ဆေးရရှိသည်ဆိုသည်နှင့် နိုင်ငံသားအားလုံးကို ကာကွယ်ဆေးထိုးပေးနိုင်ရန် ကြိုးပမ်းနေကြောင်း အိန္ဒိယဝန်ကြီးချုပ် နာရိန္ဒြာမိုဒီက အောက်တိုဘာ ၂၀ ရက်တွင် ပြောဆိုခဲ့သည်။
အိန္ဒိယရှိ ပွဲတော်ရာသီမတိုင်မီတွင် ကူးစက်သူဦးရေများစွာ မတိုးပွားစေရေးအတွက် နိုင်ငံသားများအနေဖြင့် နှာခေါင်းစည်းတပ်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေခြင်း အစရှိသည့် စည်းမျဉ်းများကို လိုက်နာကျင့်သုံးရမည်ဖြစ်ကြောင်း မိုဒီက နိုင်ငံသို့ပြောဆိုသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။
“ကိုရိုနာကာကွယ်ဆေးရပြီဆိုတာနဲ့ နိုင်ငံသားတိုင်းရရှိဖို့ အစိုးရက လုပ်ဆောင်နေပါတယ်” ဟု မိုဒီက ဟင်ဒီဘာသာဖြင့် ပြောဆိုခဲ့သည်။
အောက်တိုဘာ ၂၀ ရက်တွင် အိန္ဒိယ၌ COVID-19 ကူးစက်သူသစ် ၄၆၇၉၀ ရှိခဲ့ပြီး ယင်းသည် သုံးလတာကာလအတွင်း တစ်ရက်လျှင် ကူးစက်သူသစ်အနည်းဆုံးရှိခဲ့ခြင်းဖြစ်သည်။
အိန္ဒိယ၌ COVID-19 ကူးစက်သူ ၇ ဒသမ ၆ သန်းနီးပါးရှိနေသည်။ အောက်တိုဘာ ၂၀ ရက်တွင် အိန္ဒိယ၌ COVID-19 ဖြင့်သေဆုံးသူ ၅၈၇ ဦးရှိခဲ့သောကြောင့် သေဆုံးသူ ၁၁၅၁၉၇ ဦးရှိနေပြီဖြစ်သည်။
အိန္ဒိယ၌ ယခုလအတွင်းနှင့် နိုဝင်ဘာလလယ်တို့တွင် ပွဲတော်များရှိနေရာ ကူးစက်သူဦးရေ အဆမတန်တိုးပွားလာနိုင်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။
အပူအပင်မဲ့ပျော်ပွဲဆင်ရမည့် အချိန်မဟုတ်ကြောင်း၊ COVID-19 တိုက်ဖျက်ရေးတွင် ပေါ့လျော့လို့မရသည်ကို နိုင်ငံသားတိုင်းသိစေလိုကြောင်း မိုဒီကပြောဆိုခဲ့သည်။

















