COVID-19 ကာကွယ်ဆေး အမြောက်အများထုတ်လုပ်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း တရုတ်နိုင်ငံပိုင်ကုမ္ပဏီ Sinopharm ပြော

COVID-19 ကာကွယ်ဆေး အမြောက်အများထုတ်လုပ်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း တရုတ်နိုင်ငံပိုင်ကုမ္ပဏီ Sinopharm ပြော

နိုင်ငံ ၁၀ နိုင်ငံရှိ လူ ၅၀၀၀၀ တွင် စမ်းသပ်နေသည့် COVID-19 ကာကွယ်ဆေးနှစ်မျိုးကို တစ်ကြိမ်သုံးပမာဏ တစ်ဘီလီယံထုတ်လုပ်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း တရုတ်နိုင်ငံပိုင် ဆေးဝါးကုမ္ပဏီ Sinopharm ၏အကြီးအကဲ လျူ ချင်းကျန်းက အောက်တိုဘာ ၂၀ ရက်တွင် ပြောဆိုခဲ့သည်။

Sinopharm သည် ဝေးလံသော ချီတက်မှု၏နောက်ဆုံး ကီလိုမီတာကိုရောက်ရှိနေပြီဖြစ်ကြောင်း လျူ ချင်းကျန်းကပြောဆိုခဲ့သည်။

ကာကွယ်ဆေးစမ်းသပ်မှုရလဒ်များနှင့်ပတ်သက်၍ ၎င်းက ထုတ်ပြန်ပြောဆိုခြင်းမပြုခဲ့ချေ။

ကမ္ဘာတစ်ဝန်း COVID-19  ကာကွယ်ဆေးထုတ်လုပ်ရန် ကြိုးပမ်းမှုတွင် တရုတ်နိုင်ငံသည် ဦးဆောင်နေပြီး ယခုအချိန်တွင် နောက်ဆုံးအဆင့် စမ်းသပ်မှုပြုလုပ်နေသည့် ကာကွယ်ဆေးလေးမျိုးရှိနေပြီဖြစ်သည်။

သို့သော် တရုတ်က ထုတ်လုပ်သည့် ကာကွယ်ဆေးအောင်မြင်ခဲ့လျှင်ပင် အမေရိကန်ပြည်ထောင်စု၊ဥရောပနှင့် ဂျပန်တို့ရှိ ဆေးဝါးဆိုင်ရာ တင်းကျပ်သော စည်းမျဉ်းများကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၌သာ ဖြန့်ချိနိုင်မည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားသည်။ Sinopharm သည် အီဂျစ်၊ အာဂျင်တီးနား၊ ဂျော်ဒန်နှင့် ပီရူးတို့၌ ကာကွယ်ဆေးနှစ်မျိုးကို စမ်းသပ်နေကြောင်း လျူကပြောဆိုခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်အသေမှ ထုတ်လုပ်ထားသည့် ကာကွယ်ဆေးဖြစ်ကြောင်း လျူကပြောဆိုခဲ့သည်။

ယမန်နှစ် ဒီဇင်ဘာတွင် COVID-19 စတင်ခဲ့သည့် ဝူဟန်မြို့နှင့် ပေကျင်းတို့၌ ကာကွယ်ဆေးထုတ်လုပ်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း လျူကပြောဆိုခဲ့သည်။

လာမည့်နှစ်တွင် ကာကွယ်ဆေးတစ်ကြိမ်သုံးပမာဏ တစ်ဘီလီယံထုတ်လုပ်နိုင်စွမ်းရှိနေကြောင်း လျူက ဆိုသည်။

တရုတ်လုပ်ကာကွယ်ဆေးများကို လူ ၆၀၀၀၀ တွင် စမ်းသပ်ကြည့်ရာ ဘေးထွက်ဆိုးကျိုးမဆိုသလောက်သာရှိခဲ့ကြောင်း တရုတ်သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှအရာရှိ တန်ပေါက်ကိုကပြောဆိုခဲ့သည်။

တရုတ်နိုင်ငံရှိ ကျန်းမာရေးဝန်ထမ်းများ၊ အစားအစာထုတ်လုပ်ရေးလုပ်ငန်းများမှ ဝန်ထမ်းများအပါအဝင် ကူးစက်နိုင်ခြေများသူထောင်ပေါင်းများစွာကို ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီးဖြစ်သည်။ ကာကွယ်ဆေးထိုးလိုသူများအား ထိုးနှံပေးမည်ဖြစ်ကြောင်း မြို့သုံးမြို့ရှိ အုပ်ချုပ်ရေးအဖွဲ့ကပြောဆိုခဲ့သည်။