ခုနှစ်လအတွင်း ပထမဆုံးအကြိမ်အဖြစ် နိုင်ငံခြားခရီးသွားများကို ထိုင်း လက်ခံ

ခုနှစ်လအတွင်း ပထမဆုံးအကြိမ်အဖြစ် နိုင်ငံခြားခရီးသွားများကို ထိုင်း လက်ခံ

COVID-19 ကြောင့် ထိခိုက်နေသည့် နိုင်ငံခြားခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာရေးအတွက် ထိုင်းအစိုးရသည် ခုနစ်လအတွင်း ပထမဆုံးအကြိမ်အဖြစ် ရှန်ဟိုင်းမှရောက်ရှိလာသည့် ခရီးသွား ၃၉ ဦးကို နိုင်ငံတွင်းဝင်ရောက်ခွင့်ပြုခဲ့ကြောင်း အောက်တိုဘာ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

နိုင်ငံခြားခရီးသွားကဏ္ဍကို တစ်ဆင်းချင်း ပြန်လည်ဖွင့်လှစ်မှုအဖြစ် ထိုင်းအစိုးရက ထုတ်ပေးသည့် အထူးခရီးသွားဗီဇာဖြင့် အဆိုပါခရီးသွားများသည် ဘန်ကောက်ရှိ သုဝဏ္ဏဘူမိလေဆိပ်သို့ ဦးဆုံးရောက်ရှိလာသူများဖြစ်ကြသည်။

ယမန်နှစ်တွင် ထိုင်းသို့ နိုင်ငံခြားခရီးသွား သန်း ၄၀ ခန့်လာရောက်ခဲ့သည်။

၂၀၁၉ ခုနှစ်တွင် တရုတ်နိုင်ငံသားများ၏ ပြည်ပခရီးစဉ်များအနက် ထိုင်းနိုင်ငံသည် ထိပ်ဆုံးက ပါဝင်ခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံသည် COVID-19 တိုက်ဖျက်ရေးကို ထိရောက်စွာ လုပ်ဆောင်နိုင်ခဲ့ပြီး ကာကွယ်ဆေးထိုးလိုသည့် နိုင်ငံသားများကိုလည်း စမ်းသပ်ကာကွယ်ဆေးထိုးပေးခဲ့ပြီးဖြစ်သောကြောင့် တရုတ်ခရီးသွားများကို လက်ခံခြင်းဖြင့် အန္တရာယ်မရှိနိုင်ကြောင်း အာရှနိုင်ငံတချို့က ယူဆထားသည်။

အထူးခရီးသွားဗီဇာထုတ်ပေးရန် ထိုင်းအစိုးရသည် စနစ်တကျစီစဉ်ခဲ့ရသည်။

ထိုင်းဝန်ကြီးအဖွဲ့က စက်တင်ဘာတွင် အတည်ပြုခဲ့သည့် အစီအစဉ်အရ နိုင်ငံခြားသားခရီးသွားများသည် ထိုင်းနိုင်ငံတွင်း ရက် ၃၀ ခန့် နေထိုင်ရန်လိုအပ်ပြီး ၎င်းတို့ကို ရက် ၉၀ ဗီဇာထုတ်ပေးထားကာ နှစ်ကြိမ်သက်တမ်းတိုးနိုင်မည်ဖြစ်သည်။

ထိုင်းနိုင်ငံသို့ရောက်ရှိပြီးနောက်တွင် နိုင်ငံခြားသားခရီးသွားများသည် အစိုးရကအတည်ပြုပေးထားသည့် ဟိုတယ်တစ်လုံး သို့မဟုတ် ဆေးရုံတစ်ရုံတို့၌ ၁၄ ရက် သီးခြားထားရှိနေထိုင်ရမည်ဖြစ်သည်။

ထို့ပြင် ထိုင်းနိုင်ငံ၌ အချိန်ကြာမြင့်စွာနေထိုင်ရေးအတွက် အစီအစဉ်များရှိနေကြောင်းကိုလည်း သက်သေများတင်ပြရမည်ဖြစ်ပြီး အထူးအာမခံထားရှိမှုနှင့် ထိုင်းသို့မထွက်ခွာမီတွင် COVID-19 စစ်ဆေးမှုခံယူကာ ပိုးကူးစက်ခံထားရခြင်းမရှိကြောင်း သက်သေခံလက်မှတ်ကို တင်ပြရမည်ဖြစ်သည်။

ထိုင်းနိုင်ငံ၌ နေထိုင်စဉ်အတွင်း နိုင်ငံခြားသားခရီးသွားများသည် အစိုးရကထုတ်ပြန်ထားသည့် ကိုရိုနာဗိုင်းရပ်စ်ခြေရာခံသည့် အက်ပလီကေးရှင်းကိုလည်း ဒေါင်းလုတ်ရယူထားရမည်ဖြစ်သည်။

မီဒီယာများသည် ခရီးသွားများနှင့် တွေ့ဆုံခွင့်ရရှိမည်မဟုတ်ချေ။