အင်ဒိုနီးရှား၌ COVID-19 တိုက်ဖျက်ရေးတွင် ကူညီရန်အတွက် ယန်း ၅၀ ဘီလီယံ(ဒေါ်လာ ၄၇၃ သန်း) ကို အတိုးနှုန်းနည်းနည်းဖြင့် ထုတ်ချေးမည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီဒဲဆူဂါက အောက်တိုဘာ ၂၀ ရက်တွင် ပြောဆိုခဲ့သည်။
ဂျကာတာအနီး ဘိုဂေါရှိ သမ္မတအိမ်တော်၌ ဂျပန်ဝန်ကြီးချုပ် ဆူဂါနှင့် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုတို့တွေ့ဆုံစဉ်အတွင်း ဂျပန်ဝန်ကြီးချုပ်က ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း ကျိုဒိုသတင်းဌာနကဖော်ပြခဲ့သည်။
ဂျပန်သည် ယခုနှစ် ဖေဖော်ဝါရီတွင် အင်ဒိုနီးရှားအား ချေးငွေ ယန်း ၃၂ ဘီလီယံ ထုတ်ပေးခဲ့ပြီးဖြစ်သည်။
အင်ဒိုနီးရှား၌ COVID-19 ကူးစက်သူ ၃၆၀၀၀၀ နှင့် သေဆုံးသူ ၁၂၀၀၀ ကျော်ရှိနေသဖြင့် အရှေ့တောင်အာရှ၌ ကူးစက်ရောဂါဒဏ်ကို အခံရဆုံးနိုင်ငံဖြစ်နေသည်။
နှစ်နိုင်ငံကြား စီးပွားရေးအရ ခရီးစဉ်များကို ပြန်လည်စတင်ပြီး လာမည့်လများအတွင်း နှစ်နိုင်ငံကာကွယ်ရေးနှင့် နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးမှုများ ပြုလုပ်ရန် ဝီဒိုဒိုနှင့် သဘောတူညီမှုရရှိခဲ့ကြောင်း ဆူဂါကပြောဆိုခဲ့သည်။
တစ်ချိန်တည်းမှာပင် COVID-19 ကာကွယ်ဆေးရရှိပါက အစ္စလာမ်ဘာသာ၏စည်းမျဉ်းများအရ ဟာလာလုပ်ပြီးသားဖြစ်မဖြစ်ကိုလည်း ဦးဆုံးသုံးသပ်ရန်လိုအပ်ကြောင်း ဝီဒိုဒိုက အောက်တိုဘာ ၁၉ ရက်တွင် သတိပေးပြောဆိုခဲ့သည်။
COVID-19 ကာကွယ်ဆေး အရေးပေါ်ခွင့်ပြုချက်ကို နိုဝင်ဘာအစောပိုင်းတွင် ထုတ်ပေးနိုင်ခြေရှိနေကြောင်း အဆင့်မြင့်ဝန်ကြီးများက ပြောဆိုထားပြီးဖြစ်သည်။

















