ကာကွယ်ဆေးသိုလှောင်ရန် အအေးခံစနစ်အခက်အခဲကြောင့် လူ သုံးဘီလီယံခန့် COVID-19 ကာကွယ်ဆေးရရှိရန် မလွယ်ကူ

ကာကွယ်ဆေးသိုလှောင်ရန် အအေးခံစနစ်အခက်အခဲကြောင့် လူ သုံးဘီလီယံခန့် COVID-19 ကာကွယ်ဆေးရရှိရန် မလွယ်ကူ

COVID-19 ကာကွယ်ဆေးရရှိလာပါက ယင်းကာကွယ်ဆေးဘူးငယ်များကို အင်မတန်အေးမြသော အပူချိန်တွင်ထားရှိရန် အခက်အခဲရှိနေသောကြောင့် ကမ္ဘာ့လူဦးရေ ၇ ဒသမ ၈ ဘီလီယံအနက် သုံးဘီလီယံခန့်သည် ကာကွယ်ဆေးရရှိရန် အခက်အခဲရှိမည်ဖြစ်ကြောင်း ကုလသမဂ္ဂက ခန့်မှန်းထားသည်။

အဆိုပါ လူသုံးဘီလီယံခန့်သည် ကာကွယ်ဆေးများကို သိုလှောင်ရန် လုံလောက်သော အအေးခံစနစ်မထားရှိနိုင်သည့် နေရာများ၌ နေထိုင်သူများဖြစ်ကြသည်။

ကာကွယ်ဆေးများကို အနုတ် ၇၀ ဒီဂရီဆဲစီးယပ်စ်တွင်ထားရှိရမည်ဖြစ်သောကြောင့် ချမ်းသာသော နိုင်ငံများအတွက်ပင် သိုလှောင်ရေးအတွက် အခက်အခဲရှိမည်ဖြစ်သည်။

အာဖရိက၊ အရှေ့တောင်အာရှ၊ ဗဟိုအာရှနှင့် လက်တင်အမေရိကတို့ရှိ နိုင်ငံအများစုသည် သာမန်ကာကွယ်ဆေးများကို ထိန်းသိမ်းထားရှိနိုင်ရန် အခြေခံအဆောက်အအုံပင်မရှိသောကြောင့် COVID-19 ကာကွယ်ဆေးနှင့်ပတ်သက်၍ အခက်အခဲများစွာကြုံရမည်ဖြစ်ကြောင်း သိုလှောင်ထောက်ပို့ကျွမ်းကျင်ပညာရှင်များက ခန့်မှန်းထားသည်။

ဖွံ့ဖြိုးဆဲနိုင်ငံများ၌ ကာကွယ်ဆေးများသိုလှောင်ရန်အတွက် နိုင်ငံတကာအဖွဲ့အစည်းများသည် နေရောင်ခြည်စွမ်းအင်သုံး ကာကွယ်ဆေးအအေးခံသေတ္တာများတပ်ဆင်ထားရှိရေးတွင် အကူအညီပေးခဲ့ပြီးဖြစ်သည်။

COVID-19 ကာကွယ်ဆေးကို သိုလှောင်နိုင်ရန် လျှပ်စစ်မီးပုံမှန်ရရှိခြင်း၊ လမ်းများကောင်းမွန်ခြင်းနှင့် စီမံခန့်ခွဲမှုတို့လိုအပ်မည်ဖြစ်သည်။

စက်ရုံမှ ကာကွယ်ဆေးများကို ထုတ်ပေးလိုက်ပြီးနောက်တွင် အအေးခံစနစ်အခက်အခဲစတင်ပြီဖြစ်သည်။ ကုန်တင်သင်္ဘောများဖြင့် ပို့ဆောင်လျှင် အချိန်ကြာမြင့်သောကြောင့် ကာကွယ်ဆေးသက်တမ်းအပေါ် သက်ရောက်မှုရှိမည်ဖြစ်သည်။

လေယာဉ်များဖြင့် ကာကွယ်ဆေးများကို တင်ပို့မည်ဆိုပါက ကုန်ကျစရိတ်များပြားမည်ဖြစ်သည်။ တစ်ကမ္ဘာလုံးသို့ ကာကွယ်ဆေးဖြန့်ချိရန်အတွက် ကုန်တင်လေယာဉ်ခရီးစဉ် ၁၅၀၀၀ ခန့်လိုအပ်မည်ဖြစ်ကြောင်း ဂျာမန်ကုန်ပစ္စည်းပို့ဆောင်ရေးကုမ္ပဏီ DHL က ခန့်မှန်းထားသည်။